Saturday, January 3, 2009

လိပ်ပြာသင်္ချိုင်း

ဒီလမ်းကလေးကိုနေ့တိုင်း လျှောက်ပါများတော့ ကျနော့်ခြေထောက်တွေက အကျင့်ပါနေသလိုပဲ။ ဒီအချိန်ဆိုရင် ဒီလမ်းကလေးကို အလိုလိုလျှောက်ရမယ်ဆိုတာ သူ့ဘာသာသိနေပုံရတယ်။ ပြီးတော့ ကျနော့် မျက်လုံးတွေက မြင်နေကျ အရာတွေကိုလည်း မှတ်မိနေတတ်တယ်။


မနက်မိုးလင်းရင် ပုံမှန်ထနေကျအချိန်ထ၊ ကိုယ်လက်သန့်စင်၊ ရေချိုးပြီးတာနဲ့ အိမ်ကထွက်ပြီး ဒီလမ်းကလေးကို လျှောက်။ ပြီးတော့ အယ်လ်အာရ်တီစောင့်၊ ကျနော်အလုပ်လုပ်တဲ့နေရာကို အယ်လ်အာရတီနဲ့ ၁၀ မိနစ်လောက် စီးပြီး ရောက်ပြီ။ ကျနော်ရောက်မှ ဆိုင်တံခါးကိုဖွင့် .. ပြီးတော့ ပုံမှန်လုပ်နေကျ အလုပ်တွေကိုပဲ ဇယ်ဆတ်သလို လုပ် .. ကာစတန်မာတွေနဲ့တွေ့ ... တချို့ကာစတန်မာတွေဆို တော်တော်လေးရင့်လို့ ဖြေရှင်းရတာရှိတယ် .. အဲလိုကိစ္စ တခု နှစ်ခုကလွဲရင် ကျန်တာက ပုံမှန်ပါပဲ။


မနက် ဆယ်နာရီခွဲကနေ လုပ်လိုက်တဲ့အလုပ်က ည ကိုးနာရီခွဲမှပဲ ပြီးတော့တယ်။ တပတ်ကို နားရက်က တရက်ပဲရှိတာလေ။ နားရက်မှာ ကျနော်ဝါသနာပါတဲ့ ဂစ်တာတီးတယ်။ စီးတီးဟောလ်မှာ ကွမ်းလေး ဘာလေး သွားဝယ်ချင်ဝယ်မယ်။ ပြီးတော့ သိုင်းဝတ္ထုတွေ ထိုင်ဖတ်လိုက်မယ်။ သိုင်းဝတ္ထုဖတ်ရတာ ကြိုက်တယ်ဗျ။ စိတ်ထဲမှာ ဘာမှမကျန်ဘူး။ ဖတ်ပြီး ပြီးသွားရော။ ကျနော်က ရင်ထဲမှာ တခုခုကျန်နေတာမျိုးကို မုန်းတယ်လေ။


ရုပ်ရှင်ကြည့်ရင်လည်း စိတ်ထဲမှာ ဘာမှမကျန်ခဲ့မယ့် အက်ရှင်ကားမျိုး .. ကြည့်ပြီးရင် ပြီးသွားရော ဆိုတာမျိုးပဲ။

အဲဒီတော့ ကျနော်ဟာ စက်ရုပ်တရုပ်ဖြစ်နေပြီလားလို့ တခါတခါ စဉ်းစားမိတယ်။ ကျနော့်လှုပ်ရှားမှုတွေကလည်း စက်ရုပ်ဆန်နေတယ်။ ဂစ်တာတီးတာတောင် စကေးလ်တွေကို စက်ရုပ်တရုပ်လို တီးနေမိတာလား မသိဘူး။ ကျနော့်လက်တွေက အလိုလိုရွေ့လျားနေတာလေ။


ကျနော့်ရင်ထဲမှာ တကယ်ကိုရှင်းရှင်းလင်းလင်းပဲရှိနေတာလို့ ထင်မိတာ .. မှတ်မှတ်ရရ .. ကျနော့်ရဲ့ အချိန်တွေ၊ အလုပ်တွေ .. ကမောက်ကမ ဖြစ်စေမယ့် မုန်တိုင်းလေးတခု ဝင်မမွှေခင်အထိပေါ့ဗျာ။

ကျနော့်ခြေလှမ်းတွေက ဘထ္ထရီအားနည်းနေတဲ့ ကစားစရာ အရုပ်တခုလို မမှန်နိုင်တော့ဘူး၊ ကျနော့်ရဲ့ မျက်လုံးတွေကလည်း မြင်နေကျအရာတွေကို မမြင်နိုင်တော့ဘူး၊ ကျနော်လုပ်နေကျ အလုပ်တွေကလည်း တော်တော့်ကို အဆင်တပြေမဖြစ်တော့တာ။ အယ်လ်အာတီစီးတာတောင် တခုခုလိုနေသလိုပဲဗျ။

ကျနော့်ကို နတ်တပါးပါးက ဖမ်းစားထားတာလား။ ကျနော်တော့ ဒုက္ခပဲဗျာ။


ကျနော်ကြည့်ဖူးတဲ့ ရုပ်ရှင်ကား တကားထဲကလို ... အတိတ်ကိုပြန်သွားခဲ့တဲ့ သူတယောက်က အတိတ်ကမ္ဘာက လိပ်ပြာလေးတကောင်ကို သတ်လိုက်မိတာနဲ့ လက်ရှိကမ္ဘာမှာ ရာသီဥတုတွေဖောက်ပြန်ပြီး ငလျင်တွေ အကြီး အကျယ်လှုပ် .. လေကြီးမိုးကြီးတွေကျ ကုန်သလိုပေါ့ ..။ ကျနော်လည်း ကျနော်နဲ့မဆိုင်တာ တခုကို လုပ်လိုက် မိတယ် ... အဲဒီမှာ ကျနော့်ရဲ့လက်ရှိဘဝလေး ကမောက်ကမ ဖြစ်ကုန်တော့တာပဲ။


ကျနော်နဲ့မဆိုင်တဲ့အလုပ်ဆိုတာလား ... ချစ်မိတာပေါ့ဗျာ။ ဆိုခဲ့ပါရောလား။ ကျနော်က ဘာခံစားမှုမှ ရှိချင်တာ မဟုတ်ဘူးလို့။ ရင်ထဲမှာ ရှင်းရှင်းလင်းလင်းပဲ ရှိချင်တာလေ။ အဲလိုကောင်က တစုံတယောက်ကို ချစ်မိသွားတော့ .. လွဲကုန်တော့တာပေါ့။


ကျနော်အလုပ်လုပ်တဲ့ ဆိုင်ရဲ့ ဘေးမှာ စာအုပ်ဆိုင်တဆိုင်ရှိတယ်။ အဲဒီဆိုင်က စာအုပ်တွေက ကျနော်နဲ့ ဘာမှ မဆိုင်ဘူး။ ကျနော်လည်းစိတ်မဝင်စားဘူး .. စာအုပ်ဆိုရင် သိုင်းစာအုပ်လောက်ပဲ စိတ်ဝင်စားတဲ့ ကျနော်က ဒီလို အင်္ဂလိပ်စာအုပ် ထူထူကြီးတွေကို စိတ်ကူးထဲတောင် မထည့်မိပါဘူးဗျာ။ အဲဒီနေ့ကမှ ဘယ်လိုက ဘယ်လို ကြည့်မိတယ်မသိဘူး .. ကျနော့်မျက်လုံးတွေက အဲဒီဆိုင်ကို ရောက်သွားတယ်။

ပြောရဦးမယ်ဗျ။


ကျနော့်ဆိုင်ကိုရောက်ဖို့ အက်စကာလေဒါနဲ့တက်လာရင် အရင်ဆုံး အဲဒီစာအုပ်ဆိုင်ရှေ့ကဖြတ် ရတယ်။ ခါတိုင်းလည်း ဖြတ်တာပဲ။ ခါတိုင်းလည်း အဲဒီစာအုပ်ဆိုင်လေးကို မြင်တာပဲ။ စာအုပ်တွေကို စင်အမြင့်ကြီးနဲ့ စီစီရီရီ တင်ထားတာ ကျနော့်အတွက် ဘာဆန်းလို့လည်းဗျာ။


အဲဒီနေ့ကတော့ ကျနော် ခါတိုင်းနဲ့မတူနဲ့ မြင်ကွင်းတခုကို မြင်လိုက်ရတယ်။ အဲဒါကတော့ စာအုပ်စင်တွေကြားမှာ စာအုပ်တအုပ်ကို သေသေချာချာ ဖတ်နေတဲ့ ကောင်မလေးတယောက်ပါ။ သူက အင်္ဂလိပ် စာအုပ် တအုပ်ကို ရွေးတဲ့ပုံစံမဟုတ်ဘဲ သေသေချာချာကို ဖတ်နေတာ။ အဲဒီမြင်ကွင်းက ကျနော့်အတွက် တော်တော်လေး ထူးဆန်း နေတယ်။ ကောင်မလေးက သိပ်အလှစားတော့မဟုတ်ဘူး .. ဒါပေမယ့် ကျနော်အလုပ်လုပ်တဲ့ မောလ်မှာ မြင်နေကျ ကောင်မလေးတွေနဲ့တော့ နည်းနည်းကွာတယ်။ သူ့ပုံစံက ဗမာမလေး တယောက် ဖြစ်လိမ့်မယ်လို့ ကျနော့်စိတ်ထဲမှာ အသေအချာကို သိနေတာ။


ဒါနဲ့ ကျနော်လည်း ကိုယ့်ဆိုင်ကိုယ်ဝင်ပြီး လုပ်စရာရှိတာလုပ် ... ပြီးတာနဲ့ စိတ်က အဲဒီကောင်မလေးဆီ ရောက်သွားပြန်ရောဗျ။ ဒါနဲ့ ဆိုင်ပြင်ထွက်ပြီး ခပ်လှမ်းလှမ်းက တချက် ချောင်းကြည့်လိုက်တော့ အဲဒီ ကောင်မလေးက အဲဒီနေရာမှာရပ်ပြီး စာအုပ်ဖတ်နေတုန်းပဲ။


ကျနော့်အလုပ်ကိုတော့ ပျက်လို့မဖြစ်ဘူးလေ။ ကောင်မလေးကို စိတ်ဝင်စားသလိုဖြစ်မိပေမယ့် ဒီလိုပါပဲ။ ဗမာမလေးတယောက်ဖြစ်တယ်ထင်လို့ စိတ်ထဲမှာ တမျိုးလေးဖြစ်မိတာပါ။ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ရင်း ခဏတော့ ကောင်မလေးကို မေ့သွားတယ်။ ကျနော့်စိတ်ထင် ၁ နာရီလောက် ရှိမယ်ထင်တယ်။ ကာစတန်မာ ပါးတာနဲ့ ဆေးလိပ်ကလည်း သောက်ချင်လာတော့ ဆေးလိပ်ဗူးနဲ့မီးခြစ်ကိုယူပြီး အပြင်ခဏထွက်လိုက်တယ်။ အဲဒီမှာ ဘာရယ်မဟုတ်ဘူး စာအုပ်ဆိုင်ထဲကို မျက်လုံးက ရောက်သွားပြန်ရော။


ဟောဗျာ အဲဒီကောင်မလေး ရှိနေတုန်းပဲ။ အဲဒီစာအုပ်ကို မပြီးမချင်းများ ဖတ်နေမှာလားမသိဘူး။

အဲဒါပါပဲ ... ကျနော့်ပုံမှန်အလုပ်တွေ ကမောက်ကမဖြစ်ကုန်ရာရဲ့အစက ..။ အဲဒီနေ့က ကောင်မလေးကို တွေ့လိုက်ပြီး နောက်နေ့မတွေ့တော့ရင် ဘာမှဆက်ဖြစ်စရာ မရှိဘူးပေါ့ဗျာ။ ဖြစ်ချင်တော့ နောက်ထပ် ၂ ရက်ဆက်တိုက် အဲဒီကောင်မလေးကို ဆက်တွေ့တယ်။ စာအုပ်တွေကလွဲရင် ဘာကိုမှ စိတ်မဝင်စားတဲ့ ပုံနဲ့ .. ဂျင်းဘောင်းဘီရှည်ရယ် တီရှပ်ရယ် .. မျက်နှာပြောင်ပြောင်တင်းတင်းလေးရယ် ... ဒါပဲ။ ဒါလေးကပဲ ကျနော့်ကို အားလုံး ကမောက်ကမ ဖြစ်စေတယ်ဗျာ။


တတိယမြောက်နေ့မှာ သူ ကျနော့်ရှေ့ကိုရောက်လာတယ် ဆိုရင်ယုံစရာ ဘယ်ရှိမလဲနော်။ တကယ်ဗျ။ သူ ကျနော့်ဆီရောက်လာတယ်။ မဟုတ်ဘူး ကျနော့်ဆိုင်ကို ရောက်လာတာ။ သူ့ရဲ့လက်ပ်တော့ပ်လေးကို ချပေးပြီး ဝါယာလက်စ်စစ္စတမ် စစ်ပေးဖို့ လာပြောတာ။ သူက အင်္ဂလိပ်လိုပြောပေမယ့် ကျနော် အရဲစွန့်ပြီး ဗမာလို ပြောလိုက်တယ်။


အံ့သြတဲ့ပုံနဲ့ မျက်ခုံးလေးနှစ်ခုတွန့်ကွေးသွားပြီးမှ သူပြုံးတယ်။ ကျနော်မမှားပါဘူး .. သူက ဗမာမလေး တယောက်ပဲဗျ။ သူ့ကို ခဏစောင့်ခိုင်းတော့ အရေးကြီးတဲ့ကိစ္စရှိလို့ သူ့စက်အမြန်ရမှ ဖြစ်မယ်တဲ့ ..။ ကျနော်တို့ မှာ စက်တွေကို ချက်ချင်းလုပ်ပေးတာ ထုံးစံမရှိပေမယ့် ကျနော်ကတော့ သူ့စက်ကလေးကို လုပ်ပေးချင်နေ မိတယ်ဗျာ။ သူက ကျနော်တို့ဆိုင်ရှေ့ လှေခါးလက်ရမ်းကလေးကို မှီပြီးစောင့်နေတယ်။


သူစောင့်နေပုံကလည်းကြည့်ဦး ... ကျနော်လုပ်နေတာကို မျက်ခြေမပျက်ကြည့်ရင်းစောင့်တာလေ။ သူ့စက်က ဝါယာလက်စ်ကြောင်နေတာ .. တချက်တချက်မှာရတယ်။ ကျနော့်အတွက်က ဒါ ဘာမှခက်ခဲတာမဟုတ်ဘူးလေ။


ဒါပေမယ့်သူကြည့်နေတဲ့ ရှေ့မှာ လုပ်ရတာ တမျိုးပဲဗျ။ ချွေးတွေဘာတွေပျံလာတာ။ ကျနော်မော့ကြည့်တိုင်း သူက ပြုံးပြတယ်။ သူပြုံးပြတဲ့ပုံက အေးအေးဆေးဆေး လုပ်ပါလို့ ပြောနေသလိုပဲ။ ဒါပေမယ့် ကျနော် မအေးဆေး နိုင်ဘူး။ ရင်တွေ ထူးထူးခြားခြားခုန်နေတယ်။ ပြီးသွားတာနဲ့ သူ့ကိုလှမ်းခေါ်ပြီး ပေးလိုက်တယ်။ သူက ကျသင့်တဲ့ ငွေရှင်းပြီး .. ကျနော့်ကို ကျေးဇူးတင်စကား ပြောတယ်။ ပြီးတော့ ကျနော့်ကို နေ့လည်စာလိုက်စားဖို့ဖိတ်တယ်။ ဗမာအချင်းချင်းလည်း ဖြစ်လို့ မိတ်ဖြစ် ဆွေဖြစ်ပါတဲ့။


တကယ်တော့ ဒီလောက်လေးနဲ့ ဘာဖြစ်မှာလဲဗျာ နော်။ ဟုတ်ပါတယ် ... ဒါပေမယ့် ခက်တာက အရင်ရက်တွေ ရှိထားသေးတယ်လေ။ သူက ကျနော့်ကို ခင်ခင်မင်မင်ပဲဗျ။ တခြားတနိုင်ငံမှာ ဗမာအချင်းချင်းတွေ့လို့ ခင်မင်တဲ့ သဘောပေါ့လေ။ ထမင်းစားပြီး စကားတွေ ပြောဖြစ်ကြချိန်မှာ ကျနော်တို့တော်တော်လေး ရင်းနှီးသွားပြီ ..။

သူပြန်သွားတော့ ကျနော်အလုပ်ဆက်လုပ်တယ် .. ကျနော့်လုပ်နေကျအလုပ်တွေက တခုခုလိုနေသလိုပဲ။ ထူးဆန်းတယ်ဗျာ။ အဲဒီညက ကျနော်အိမ်ပြန်ရောက်တော့ တီးနေကျ စကေးလ်တွေမတီးဘဲ သီချင်းတွေ တီးဆို နေမိတယ် .. တခန်းထဲနေတဲ့သူငယ်ချင်းကတောင် အံ့သြလို့ .. မင်း ဘာဖြစ်နေတာလဲတဲ့။ ကျနော်လည်း ဘာဖြစ်မှန်းမသိပါဘူး။


ကျနော်က ရည်းစားတွေဘာတွေ မထားဘူးတဲ့ကောင်တော့လည်း မဟုတ်ပါဘူး .. ဒီလိုပဲ ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် ခုဏပြောသလို သိပ်စိတ်လှုပ်ရှားမလွယ်လို့လား မသိဘူး ကောင်မလေးတွေက ကျနော့်ဒဏ်ကို မခံနိုင်ဘူး .. ကွဲတာပဲ ..။ ကျနော်လည်း ရည်းစားထားရတာကို သိုင်းဝတ္ထုဖတ်သလိုပဲ ခံစားလိုက်တယ်။ ပြီးသွားရင် ပြီးသွားရောပဲ။


အဲဒါပါပဲ .. ခုဏက စာအုပ်ဆိုင်မှာတွေ့တဲ့ကောင်မလေး ... နာမည်ပြောပါတယ် .. ဒါပေမယ့် ကျနော်ကတော့ ကောင်မလေးလို့ပဲ ပြောမယ်ဗျာ ... သူနဲ့ကျ ထူးဆန်းတယ်ဗျ။ နောက်ရက်မှာ သူ စာအုပ်ဆိုင်ထဲမှာ စာဖတ်နေတာတွေ့လို့ ဝင်နှုတ်ဆက်လိုက်သေးတယ်။ သူက ဘာပြောလဲဆိုတော့ ထမင်းတူတူစားရအောင်တဲ့။ တကယ်ဆို ကျနော်က နေ့လယ်စာကို ၃ နာရီလောက်မှစားဖြစ်တာ .. အဲဒါလေ ကမောက်ကမဖြစ်ပါတယ်ဆို။ ကသိကအောင့်တော့ မဖြစ်ခဲ့ပါဘူး။ သူနဲ့တူတူ နေ့လယ် ၁၂ နာရီလောက်မှာ စားဖြစ်တယ်ဗျာ။


သူက ဒီနိုင်ငံကို အလယ်သက်သက်ပဲ။ သူ့အဖေအလုပ်ကိစ္စနဲ့လာရင်းပါလာတာ။ စာအုပ်တွေ မတရားဖတ်တယ်။ ဒါပဲ။ သူ့အဖေပြန်ရင် ပြန်မှာလေ။ ဘယ်နေ့လဲဆိုတော့ နောက်ထပ် ၃ ရက်နေရင်တဲ့ .. သေရောဗျာ။


ခင်ဗျားတို့ Princess and the Photographer ကားကြည့်ဖူးမှာပေါ့။ သူက မင်းသမီးတပါးတော့ မဟုတ်ပါဘူး။ ကျနော်လည်း ဓာတ်ပုံဆရာမဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ဇာတ်လမ်းက အဲဒီသဘောပဲ ..။ ဒီနိုင်ငံမှာ သူငယ်ချင်းမရှိတဲ့သူ့အတွက် ကျနော်က သူ့သူငယ်ချင်းဖြစ်သွားတယ်။ ကျနော့်အလုပ်အားရက်ကို မေးပြီး သူနဲ့အတူ လျှောက်လည်ပါလားဆိုတဲ့စကားကို ကျနော်မငြင်းဖြစ်လိုက်ဘူး .. ။ ကျနော့်အလုပ်အားရက်က သူမပြန်ခင် တရက်ဖြစ်နေတာကတော့ တိုက်ဆိုင်မှုပေါ့ဗျာ။


ကျနော့်အတွက်ကတော့ အရာရာကမောက်ကမဖြစ်ကုန်တော့တာပဲလေ။ ဂစ်တာစကေးလ်တွေလည်း ကပြောင်းကပြန်တွေဖြစ် .. လျှောက်နေကျလမ်းကလေးလည်း ကိုးယိုးကားယားတွေဖြစ် .. ပြီးတော့ မြင်နေကျ အရာတွေလည်း မှုံဝါး .. စီးနေကျ အမ်အာတီတွေ၊ အယ်လ်အာတီတွေလည်း ရှုပ်ထွေး ... နဲ့ .. ။ သိုင်းဝတ္ထု တွေလည်း ဖတ်လို့မရ ... အက်ရှင်ကားတွေအစား အချစ်ဇာတ်လမ်းတွေ ကြည့်လို ကြည့် .. ။ ကွမ်းဆိုင်ရှေ့ ရောက်မှ လှည့်ပြန်မိတာလည်း အခါခါ .. “ ယူ ... ကွမ်းတွေ သိပ်မစားနဲ့လေ” ဆိုတဲ့ အသံလေး ကြားနေတာကိုး ဗျ ..။ ပြီးတော့ ချွေးထွက်သန်တဲ့ ကျနော့်အတွက် မွှေးပွ မျက်နှာသုတ်လက်ကိုင်ပုဝါလေး တထည် ပေးခဲ့တယ်။


သူ့အကြောင်းပြောပြတော့ သူ့မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိတယ်တဲ့။ ဒါပါပဲ။

ကျနော် ... ဒီဘက်ကမ္ဘာက လိပ်ပြာလေးတကောင်ကို သတ်လိုက်မိပြီ ထင်ပါရဲ့ဗျာ .. ။

14 comments:

ATN said...

ဖတ်ကောင်းကောင်းနဲ့ ဖတ်လာတာ နောက်ဆုံးကျမှ တိန်ကနဲ မြည်သွားပါပေါ့ ကိုယ့်ဆရာရယ်....း)

ရင်ထဲက လိပ်ပြာတကောင် တေပြီဆရာ ပေါ့...

PHYO said...

ဟီးဟီး ဟုတ်တယ်ဗျကျေးဇူးပါအကိုအောင်သာငယ် ကော်မန့်အတွက်

poemflower said...

အဆင်ပြေမလိုလိုနဲ့ကိုဖြိုး
လုပ်ချလိုက်တယ် နောက်ဆုံးကောင်းခန်းကျမှ
သီချင်း၁ပုဒ်စပ်ဗျာ

sait phay yar said...

ဗစ်၇မယ် ကဖြိုးကတော့
ဟီဟီ
အဲဒါအချစ်လားဟင်

jurassic said...

အဲဒါ တကယ့် ကိုယ်တွေ့ လား..
လှတယ်ဗျာ......ကဗျာလေး တပုဒ်ဖြစ်သွားတာပေါ့

Anonymous said...

ကိုယ့်ဆရာ အကွဲတွေသည်းသွားတာပေါ့နော်
ဖတ်ကောင်းတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါစေဗျာ
တကယ်တော့ မဖြစ်ပါစေနဲ့ ကိုယ့်ဆရာအကွဲ
သည်းမှာ မကြည့်ရက်လို့ပါ ဟီး

thinzar said...

အားပါးပါး.....
အဆင်ပြေတော့မယ်ထင်နေတာ....
လက်ထပ်မယ့်ချစ်သူရှိတယ်တဲ့
တေပါပြီဂျာ.......

အိပ်မက်နိဒါန်း said...

အင်း.အချစ်.အချစ် တော်တော်ခံရခက်ပါလားနော်..
ရေးထားတာလေးကောင်းတယ်.

kay said...

ဖတ်လို့ကောင်းတယ်- အဆုံးသတ်လည်း မိုက်တယ်။

Anonymous said...

ဟီး ....ပြန်လိုက်သွားဗျာ

သူနဲ့တူတူ လိုက်လို့ ရဘူးလား

ကဗျာ တစ်ပုဒ် သီချင်းတပုဒ်လုပ်လိုက်နော်

ဟီး ...နောက်သုံးရက်နေရင်ပြန်မှာ

နာသာဆို ၃ရက်အတွင်းခိုးပြေးပစ်မယ်

ကိုရိးယားကားတွေလို

ဟီး ...

ဖိုးဂျယ် said...

အမ် ဘယ်လိုပြောရမှန်းမသိအောင်
ခံစားရတယ်။ အရမ်းကောင်းတဲ့ လိပ်ပြာသချိ င်္ုင်းလေးပဲ
ကျတော်လဲ ဟိုဖက်ကမ္ဘာမှာ လိပ်ပြာတကောင်
သတ်ခဲ့မိတယ်ထင်တယ်။

PHYO said...

လာရောက်မန့် ပေးကြတဲ့အကို အမတို့ အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
ဒီရက်ပိုင်းနဲနဲ အလုပ်ပိနေလို့စာအသစ်မရေးနိုင်တာခွင့်လွှတ် ပေးကြပါဗျာ

ဝှိုက်ဝှိုက် said...

အဆင်ပြေမလားလို့ ဖတ်ကောင်းကောင်းနဲ့ဖတ်နေတာ ချစ်သူရှိတယ်တဲ့ :( သွားပါဘီ

Unknown said...

လှပတဲ့ စာလေးတပုဒ်ပါပဲ....။လေးဖြူသီချင်းလေးကို
တောင်သတိရသွားတယ်....။