Thursday, January 15, 2009

ညီ့အတွက် ကဗျာ

ညီလေးရေ …
အမေ့ကို ဂရုစိုက် ..
မင်းကိုယ်မင်းလည်း ဂရုစိုက်ပါကွာ
အပြာရောင်ကောင်းကင်ကြီးအောက်မှာ
တို့ညီအစ်ကို နှစ်ယောက်ပဲ
အမေ့အတွက် ရှိကြတာ။

ညီလေးရေ
ကိုကြီးရဲ့ ခွန်တွေ၊ အားတွေ၊ သတ္တိတွေဆိုတာ
ဟောဒီကမ္ဘာကြီးပေါ်မှာ ရှိနေခဲ့တယ်လို့
အစက မသိခဲ့ရိုးအမှန်ပါ
အဲဒီ ခွန်တွေ၊ အားတွေ၊ သတ္တိတွေနဲ့အတူ
မိသားစုကိုလွမ်းတဲ့ အလွမ်းတွေပါ ဟောဒီရင်ဘတ်ထဲ အပြည့်။

သိလား ညီလေးရဲ့
တို့ညီအစ်ကို
မတည့်အတူနေဖြစ်ခဲ့တဲ့ အချိန်တွေကို
သတ္ထုလှိုင်းတွေကနေတဆင့် တည့်ပြီးဝေးရတော့မှ
ပြန်လွမ်းတယ်

ညီလေးရေ
ကမ္ဘာမြေကြီးပေါ်မှာ
ညီလေးတယောက် ရှိနေရခြင်းအတွက်
ကိုကြီးကို ဂုဏ်ယူခွင့်ပေးပါ
အမေနဲ့အဖေကို ပျော်ရွှင်ခွင့်ပေးပါ
ညီလေးက ကမ္ဘာမြေကြီးအတွက်
ရနံ့သင်းတဲ့ ပန်းကလေးတပွင့် ဖြစ်ပေးလိုက်ပါကွယ်။

ကိုကြီးရဲ့ ပုခုံးတွေ အသားမာတက်ချင်တက်သွားပါစေ
ကိုကြီးရဲ့လက်ဖဝါးတွေ သွေးချင်းချင်းနီရဲသွားပါစေ
ကိုကြီးရဲ့ခြေဖဝါးတွေ အရည်ပြားပါ မကျန်အောင် စုတ်ပြတ်သတ်သွားပါစေ
မိသားစုထဲမှာ
ညီလေးဆိုတဲ့ နောက်ထပ်ကြယ်ကလေးတပွင့်
တင့်တင့်တယ်တယ်ပွင့်ဖို့အတွက်
ကိုကြီးရဲ့ မနက်ဖြန်တွေကိုပါ ပေးရပေးရ ကျေနပ်တယ် …။ ။

3 comments:

ဖိုးဂျယ် said...

အကို ပီသပါပေတယ်ဗျာ

yehtutnaung said...

ကဗျာလေးကို ဖတ်ပြီး ခံစားသွားပါတယ်ဗျာ။

မဆုမွန် said...

ကျွန်မတို့က ညီအစ်မ နှစ်ယောက်လုံး အမေနဲ့အဝေးမှာ...
ကဗျာလေးကို မျက်ရည်နဲ့ဖတ်သွားတယ်
အမေ့ကို လွမ်းလိုက်တာဟာ