Thursday, October 30, 2008

ညီမလေးရေ ..

ညီမလေးရေ ...
အမှတ်တရ ရက်စွဲတွေကို ကိုယ်ပြန်ရေကြည့်ချင်တယ်
နေ့ရက်တိုင်းမှာ ညီမလေးကချည်း တိုးဝင်ခဲ့တာလို့ ကိုယ်မပြောရက်ဘူးကွယ်

ကျမကို လွမ်းမနေပါနဲ့ ကိုကိုရယ်လို့ ပြောတုန်းက
ကိုယ်တကယ် မလွမ်းတတ်သေးဘူး
ကျမက သိပ်ချစ်နေပြီကိုကိုလို့ ပြောတုန်းကလည်း
ကိုယ် မချစ်တတ်သေးဘူးထင်ရဲ့
ကိုယ့်ရဲ့ အသည်းနှလုံးကျောက်ဆိုင်က မာကျောတုန်း
ကိုယ့်ရဲ့ အမှတ်သညာတွေကလည်း တွေဝေတတ်တုန်းလေ

ကျမကိုမေ့လိုက်ပါတော့ လို့ ပြောတော့မှ ကိုယ်က ....
အချစ်ဆိုတာကိုစတွေ့
ညီမလေးရဲ့ ပါးပြင်က နှင်းဆီရိုင်းသွေးကို ကိုယ် စဖမ်းဆုပ်မိတယ်

ကံကြမ္မာက ကိုယ့်ကို စနောက်တာ ဆိုရင်တော့
ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးသူဟာ ကိုယ်ပါကွယ်

ညီမလေးရေ ...
တကယ်တော့ ကလေးတယောက်လို ငိုရှိုက်လိုက်တိုင်း
လိုချင်တာတွေ ရမယ်လို့ ကလေးတွေးတွေးမိသူက ကိုယ်ပါ
အိပ်မက်ဆိုတာ တကယ်မဟုတ်မှန်း လူကြီးဖြစ်ရက် မသိတဲ့သူဟာလည်း ကိုယ်ပါပဲ

ဆိုခဲစေမြဲစေလို့ ညီမလေးကို ကိုယ်မပြောရက်ဘူးကွဲ့
ကိုကို့ကို ကျမ မချစ်တော့ဘူး ..
အိပ်မက်လို့သာ မှတ်လိုက်ပါ ကိုကိုရယ် ....

အဲဒီမှာ ကန့်ကော်ပန်းတွေ ကြွေတယ်
ခရေပန်းတွေ ကြွေတယ်
ကိုကိုချစ်တဲ့ နှင်းဆီရိုင်းတွေတောင် ကြွေတယ် ညီမလေးရေ ...
ပြီးတော့ ကိုယ့်အသည်းနှလုံးလည်း ကြွေတယ်

ညီမလေးရေ
အမြင့်ဆုံးကိုသွားပါ
အချစ်ဆုံးနဲ့နေပါ
အဆုံးသတ်ထိ အပြုံးမပျက်ပါစေနဲ့
ကိုကို ဆိုတာကတော့
မင်း စိတ် ကစားဖို့အတွက်
အထောက်အကူ ပစ္စည်းတခု
မင်း အချစ်စစ်ကိုတွေ့ဖို့ ခင်းပေးတဲ့ လမ်းပါ
အဲဒီလမ်းကလေးမှာ ခလုတ်ကန်သင်းတွေ မရှိဘူးဆိုတာ ကိုယ်အာမခံပါတယ်

ရဲရဲနင်းလိုက်ပါ
တိုးဝင်တုန်းက တိုးဝင်ခဲ့သလို ...
ပြန်ထွက်ချင်တဲ့အခါ မတားပါဘူးကွယ်

ညီမလေးရေ
ဒီလမ်းကို တယောက်တည်းပဲ လျှောက်တော့မယ်။ ။

No comments: