Monday, November 10, 2008

ချိုဇင်ရဲ့ဝဋ်တွေ

ကျနော်တော့ ဝဋ်လည်ပြီထင်တာပဲ။ ခုချိန်မှာ ဟိုအဝေးတနေရာက ချိုဇင်ကိုပဲ ကျနော် အရမ်းသတိရနေမိတယ်။ သူ ကျနော်ခုဖြစ်နေတဲ့ပုံကိုတွေ့ရင် ဘာပြောမလဲမသိဘူး။ ဖြစ်နိုင်တာက တော့ သူ့ထုံးစံအတိုင်း ခပ်အေးအေးပြုံးပြီး အကူအညီလိုရင်ပြောလေဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်လိမ့်မယ် ထင်တယ်။ ဒါပေမယ့်လည်း သူကျနော့်ကို အဲလိုကြည့်ဖို့မပြောနဲ့ သူ ဘယ်ရောက်နေလဲ တောင် ကျနော်မသိဘူး။ သူနဲ့ကျနော် နောက်ဆုံးတွေ့ကြတဲ့ လက်ဘက်ရည်ဆိုင်က အထမှာ သူ ပြောခဲ့တဲ့ စကားတခွန်းကို ကျနော်သတိရနေဆဲပဲ။

“ငါ့ကိုတယောက်ယောက် ထပ်ရှာပါလို့ မပြောပါနဲ့ ထွန်းတောက်ရယ်။ ငါလျှောက်ချင်တဲ့သူနဲ့ မလျှောက်ရတဲ့ လမ်းကို ငါ့ဘာသာ တယောက်ထဲပဲလျှောက်မှာပေါ့။ ငါ့အတွက်မပူပါနဲ့ဟာ” လို့ သူပြောခဲ့တုန်းက သူ့မျက်ကနှာက ကြေကွဲခံစားနေရပေမယ့် ခပ်အေးအေးပုံစံပဲ။ အဲဒါကြောင့် ကျနော် သူ့အတွက် လုံးဝကို နောက်ဆံမတင်းခဲ့တာလေ။ချိုဇင်ကို ကျနော် တော်တော်လေး ရက်စက်ခဲ့တယ်လို့ ပြောရင်မှန်မလားပဲ။ သူနဲ့ ကျနော်က သိပ်ကိုရင်းနှီးတဲ့ ငယ်သူငယ်ချင်းတွေပါ။ နောက်ပြီးနှစ်ယောက်တတွဲတွဲ နေခဲ့ကြတာ။ ကျနော်နဲ့သူ က ယောက်ျားလေးသူငယ်ချင်း ၂ ယောက်လိုကို ပေါင်းခဲ့ကြတာ။ ကျနော့်မှာ ရည်းစားတွေများသလောက် သူက ကျနော့်ရည်းစားအားလုံးကို ကျနော့်ထက်တောင် မှတ်မိပေးခဲ့တာပါ။

၅ ယောက်မြောက်ရည်းစားနဲ့ ပြတ်ပြီးတဲ့နောက်မှာ ချိုဇင်နဲ့ ကျနော် ပိုပြီး နီးကပ်လာသလိုပဲ။ သူနဲ့ကျနော်က စာအုပ်တွေလဲဖတ်ကြ၊ လက်ဘက်ရည်ဆိုင်အတူထိုင်ကြ၊ ဂစ်တာအတူတီးကြ၊ ကဗျာစာအုပ်ကလေးတွေ အတူထုတ်ကြနဲ့ တတွဲတွဲဖြစ်နေတာကို ကျန်တဲ့သူငယ်ချင်းတွေက ဘယ်လို ထင်တယ်မသိပါဘူး ဝိုင်းစကြပါလေရော။

အဲဒီလိုစတိုင်း သူ့မျက်နှာက ရှက်သွေးကို ကျနော်ဖမ်းမိတယ်။ တကယ်တော့ ချိုဇင်က မလှပါဘူး။ မိန်းကလေးတယောက်အနေနဲ့ဆို လုံးဝမလှဘူးလို့တောင်ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီ တလောမှာတော့ နည်းနည်း လှနေသလိုပဲ။ ကျနော့်စိတ်ကပဲထင်လို့လားမသိဘူး။ ပြီးတော့ သူ ကျနော့်ကိုအရမ်းဂရုစိုက်တယ်ဆိုတာ ပိုမြင်လာတယ်။ နောက်တော့ သူ ကျနော့်ကိုများ ချစ်နေလားလို့ တွေးမိတယ်။

ဟုတ်တယ်ဗျ။ တရက်မှာတော့ သူ့ဒိုင်ယာရီစာအုပ်ကလေးကို ကျနော် သူ့စာကြည့်စားပွဲပေါ်ကနေ အမှတ်တမဲ့ တွေ့လိုက်ရတယ်။ အဲဒီမှာ သူ့ရင်ထဲဘယ်လိုခံစားနေရတယ် ဆိုတာ သိလိုက်ရရောပဲ။ သူက ကျနော့်ကိုချစ်နေတာကိုး။ ကျနော်သူ့ကို တော်တော်သနားသွားတယ်။ အဲဒီကနေစပြီး ကျနော် အရူးထမိတော့တာပါပဲ။

မဆင်မချင်နဲ့ သူ့ကို ချစ်ခွင့်တောင်းမိတယ်။ ကျနော်ဆိုတဲ့ကောင်က သိပ်စိတ်ကူးယဉ်တဲ့ကောင်ဗျ။ သူ့ကို သနားမိတာကို ကိုယ့်ကိုယ်ညာပြီး ချစ်တယ်လို့ ထင်မိတယ်။ သူကတော့ ကျနော့်ကို တကယ်ချစ်တာဗျ။ ဟုတ်တယ်။ ကျနော်မှားမိတာပါဗျာ။

သူက ကျနော့်ကိုချစ်နေတဲ့သူဆိုတော့ ကျနော့်ကို အဖြေပေးဖို့သိပ် တုံ့ဆိုင်းမနေပါဘူး။ သူနဲ့ ကျနော့်ရဲ့ ချစ်သူသက်တမ်းမှာ သူကချည်းကျနော့်ကို အလိုလိုက်နေရမယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင် ဘူး။ ကျနော်ဆိုတဲ့ကောင်က ဘယ်လောက်များဆိုးလိုက်သလဲဆိုရင် သူ့ကို တနေ့စာတစောင် ရေးခိုင်း တာ။ သူ့ခမျာ ရေးရှာပါတယ်။ ကျနော့်အတွက်ဆို ဘာကိုမှ မတုံ့ဆိုင်းဘဲ သူလုပ်ပေးတာ။ သူက ကျနော့်ကိုချစ်လေ သိတတ်လေ ကျနော်က မနေတတ်လေ အဲလိုဖြစ်နေတာလေ။

ပြောရရင် ကျနော်တို့ ၂ ယောက်ရဲ့ချစ်သူဘဝက သူငယ်ချင်းဘဝလောက် ပျော်စရာမကောင်းတာ အမှန်ပဲဗျာ။ အဲဒီမှာ ကျနော် နောက်ထပ်ကောင်မလေးတယောက်ကိုလည်း တွေ့ရော သူ့ကို အစိမ်းဖြတ် ဖြတ်ခဲ့မိတာပါပဲ။ “ငါ နင့်ကို တကယ်ချစ်တာ မဟုတ်ဘူးဟ” လို့ ကျနော်ပြောလိုက်တော့ သူငိုပါတယ်။ ကျနော်လုံးဝစိတ်မကောင်းတာပါ။ သူက ကျနော့် အခင်ဆုံး သူငယ်ချင်းလေ။ အဲဒီမှာ သူနဲ့ကျနော် ထိုင်နေကျ လက်ဘက်ရည်ဆိုင်လေးမှာ ထိုင်ပြီး နောက်ဆုံး နှုတ်ဆက်ပြီးတဲ့နောက် ကျနော်တို့မြို့ကလေးက သူပျောက်ကွယ်သွားတော့တာပါပဲ။

သူက တော်တဲ့မိန်းကလေးပါ။ သတ္တိလည်းရှိတယ်။ သူ့ကိုယ်သူ ပျောက်ဆုံးမယ့်သူ မဟုတ်ဘူးဆိုတာ ကနော်ယုံတယ်။ ကြာရင်သူ ကျနော့်ကိုမေ့ပျောက်သွားလိမ့်မယ် အဲလိုပဲ ကျနော့်စိတ်ကို ကျနော် လှည့်စားလိုက်တယ်။ ထုံးစံအတိုင်း ကျနော် ကောင်မလေးတွေ တယောက်ပြီးတယောက်နဲ့ တွဲဖြစ်တယ်။ အချစ်ဆိုတာကို ရှာဖွေ မတွေ့ရှိဘူးဘဲပြောရမလား မသိပါဘူး။

မတွေ့ခဲ့ဖူးဆို ပိုမှန်မယ်ထင်တယ်။ ခုမှ ကျနော်ဂွကျတော့တာ။ ကျနော့်အသက်လည်း သုံးဆယ်ကျော် နေပြီ။ ခုကျမှ ကျနော့်ထက် ၁၀ နှစ်ကျော်ငယ်တဲ့ ကောင်မလေး တယောက်ကို ကျနော် အရူးအမူး ချစ်မိနေတာဗျ။ ဒီအရွယ်ကျမှ ဒီစကားတွေပြောရတာ ရှက်ပေမယ့် အဲဒါတကယ်ဖြစ်နေတာ။

ညီမလေးလေ။ သူ့ကိုကျနော်က ညီမလေးလို့ခေါ်တယ်။ ဝဋ်လည်ပြီဆိုတာ အဲဒါပြောတာဗျ။ ညီမလေးက အသည်းကွဲနေတာလေ။ သူ့ချစ်သူက သူ့ကိုထားခဲ့တာ။ အဲဒီမှာစိတ်လေနေတုန်း ကျနော်နဲ့ တွေ့တယ်ဆိုပါတော့။ သူကတော့ “ကိုကို့ကိုချစ်ပါတယ်” လို့ပြောရှာပါတယ်။

ကျနော်က ရှည်တာ။ ချစ်ပါတယ်ပြီးရောပေါ့။ “ညီမလေးက ကိုကို့ကို တစုံတယောက်နေရာမှာ အစားထိုးချစ်တာလား” လို့ မေးမိတယ်။ ဘယ်လောက်ရူးလိုက်တဲ့ကျနော်လဲလို့။ ညီမလေးက ဘာပြန်ဖြေတယ် ထင်ပါသလဲ။

“ဟုတ်တယ် ကိုကို” တဲ့။ ပြီးတော့ သူက ညာမှမညာတတ်တာတဲ့။ ညာလိုက်ပါတော့လား ညီမလေးရယ်လို့ ကျနော့်စိတ်ထဲက ပြောမိတယ်။ ဘယ်လောက် ရိုးသားလိုက်တဲ့ ညီမလေးလဲနော်။ သူ့ရဲ့ရိုးသားမှုက တဘက်သားရင်ကို နာကျင်စေပါလားလို့တောင် မသိတဲ့ညီမလေးပါ။ အဲဒီကောင်မ လေးကို စွဲစွဲလန်းလန်းချစ်မိလေ ကျနော် ချိုဇင်ကို သတိရလေပဲ။

တခါတလေကျ ညီမလေးက ကျနော့်ကိုဘေးမှာထားပြီး တစုံတယောက်ကို လွမ်းတဲ့ဟန်က မဖုံးနိုင် မဖိနိုင် ဖြစ်နေတတ်သေးရဲ့။ ကျနော်လေ ကျနော့်ကိုယ်ကျနော် ကြိုးစားပြီး ညီမလေးကို မချစ်တော့ဘူးလို့ စဉ်းစားတယ်။ ပြီးတော့ နောက်တနေ့မှာ သူရောက်လာပြီး အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ “ကိုကို” လို့လာခေါ်လိုက်ရင် ... ကျနော် အရည်ပျော်ကျသွားတာပဲ။

အဲဒါပဲလေ ကျနော့်မှာ ဝဋ်လည်နေသလို ဖြစ်နေတာ။ ခု ချိုဇင်အိတယောက် ဘယ်ရောက် နေပါလိမ့်။ ကျနော် သိပ်သိချင်တာပဲ။ သူသာ ကျနော့်အနားမှာရှိရင် အကြံတခုခုပေးမလား ... ဒါမှမဟုတ် သနားတဲ့ အကြည့်နဲ့ကြည့်မလား ... နင့်ဟာနင် သေချင်သေဆိုပြီး ပစ်ထားမလား။ ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာ ကျနော် ညီမလေးကို သိပ်ချစ်နေတယ်။ ညီမလေးမုန်းမှာကြောက်တယ်။ တခါတလေ ဥပေက္ခာ ပြုခံရရင်တောင် ဝမ်းနည်းရုံပဲဝမ်းနည်းပြီး အပြစ်မတင်ရက်ဘူး။ ကျနော် ... ချိုဇင်ရဲ့ ဝဋ်တွေ လည်နေပြီ ထင်ပါရဲ့လေ .... ။ ။

2 comments:

တားမြစ် ထားသော... said...

ဝဋ်ဆိုတာ လည်တတ်တဲ့သဘော ရှိသတဲ့။

ဖတ်လို့ကောင်းသဗျ။

သုခမိန်(E-Journal)

JulyDream said...

အစိမ်းခြွေ ဆိုတာကြီးက ခံလိုက်ရတဲ့သူမှာ တနင့်တပိုးကြီး ခံစားစေရပါတယ်။ ရုတ်တရက်ကြီး ဒီဇာတ်လမ်းက ပြီးပြီဆိုတော့ အံ့အားသင့်ပြီး ဘေးပတ်ဝန်းကျင်ကနေ ရှောင်ခွာ ပျောက်ကွယ်သွားလေ့ ရှိပါတယ်။

ရေးထားတာ ဖတ်လို့ကောင်းတယ်ဗျာ။ တကယ့် အဖြစ်အပျက်ဆိုရင်လည်း ကိုယ်ချင်းစာမိတယ်။