Friday, November 21, 2008

အချစ်နဲ့ ဂီတ

ဆန့်ကျင်ဘက်တွေနဲ့ ...
မုန်းလို့မရဘဲ အိပ်ပျက်ရပေါင်းများလှပေါ့။

မမြင်ရဘဲ ရုန်းလို့မရတဲ့ကြိုး ခိုင်တယ်။

မျက်လုံးတွေရဲ့ အတိမ်အနက်ကို ဖမ်းလို့မရ
ပွေ့ဖက်ထားတဲ့ လက်နှစ်ဘက်က
ပန်းတွေ တပြုံတမကြီးထပွင့်တဲ့အခါ ...
မယုံသင်္ကာအကြည့်တွေကို မျက်လှည့်ပြနိုင်ခဲ့။

နံနက်ခင်းမှာ စမ်းရေတသွင်သွင်စီးတယ်
နေ့ခင်းမှာ ငှက်ကလေး တေးသီတယ်
ညကျတော့ အိပ်မက်က အသံပြုတယ်။

တဘက်ကလက်နက် တဘက်က တူရိယာ
တဘက်က သေမင်း တဘက်က မွေးဖွားခြင်း
တဘက်ကသွေး တဘက်က သံစဉ်
တဘက်က နှင်းရည် တဘက်က နေခြည်
တဘက်က အလှတရား တဘက်က ရက်စက်ခြင်း

ဆန့်ကျင်ဘက်တို့ပေါင်းဘက်
အလှဆုံး တို့ရဲ့ ထိပ်ဖျားမှာ သူရှိတယ်။

အဲဒီကြိုး ခြောက်ကြိုးက မှော်လက်နက်
လူပဲသတ်ရသတ်ရ
ထမင်းပဲ ငတ်ရငတ်ရ
မာနနဲ့ လက်ထပ်လို့ ဂီတနဲ့အသက်ဆက်ကြ

တငိုငို တရီရီနဲ့ နတ်သမီးထောင်ချောက်ထဲပိတ်မိ
မလွတ်အောင်ရုန်းရင်း ကျွံကျွံကျတာတွေများပေါ့

မထူးဇာတ်ခင်းပြီး ရွက်လွှင့်
မိုးမလင်းမချင်း ဆက်မက်လိုက်ကြစို့ .... ။ ။

No comments: