Sunday, November 30, 2008

ဆွဲဖြဲလိုက်တဲ့စာ

ကျနော် မ ကို ချစ်တယ်။ ဘယ်လောက်ထိချစ်လဲ မမေးပါနဲ့။ ကျနော်မဖြေနိုင်ဘူး။ တကယ်က ကျနော် မ ကို ချစ်ဖို့ ကြောက်ရင်းသားက တဖြည်းဖြည်း ချစ်မိသွားတာ၊ တစိမ့်စိမ့်နဲ့ နင့်နင့်သည်းသည်း ချစ်မိ သွားတာပါ။ ကျနော့်ဘဝမှာ ရှုံးဖူးသမျှ အရှုံးတွေထဲ မ ကို ချစ်မိလို့ ရှုံးရတဲ့ အရှုံးက အကြီးမားဆုံး .. အချိုမြိန်ဆုံးနဲ့ အခါးသီးဆုံး ... အဲလို ဆန့်ကျင်ဘက်တွေ ပေါင်းစည်းနေခဲ့တာ။

တကယ်က မိန်းမတယောက်ကို သူ့ဆီက ဘာမှ မမျှော်လင့်ဘဲ ချစ်မိတယ်ဆိုတာ အရင်ကဆိုရင် ရူးတာပဲလို့ ထင်မိမှာ။ အဲဒီစကားကို ကျနော့်သူငယ်ချင်း တကောင်ကောင်က ပြောကြည့်ပါလား ကျနော် ဟားမှာ။ ဒါ မဖြစ်နိုင်တဲ့ ကိစ္စလို့ပဲ ကျနော်ပြောမိမှာလေ။

မဟုတ်ဘူး။ အဲဒါ ခု ကျနော် တကယ်ခံစားနေရတာ။ အဲလိုဖြစ်မှာစိုးလို့ အဝေးဆုံးကို ရှောင်ပြီးကာမှ တဖြည်းဖြည်း နီးလာမှန်းမသိ နီးလာခဲ့တာပါ။ သိတဲ့အချိန်မှာ ကျနော်ဟာ ကျနော့်အချစ်တွေရဲ့ အလယ်ကို ရောက်မှန်းမသိ ရောက်နေခဲ့ပြီ။

အဲဒီအထိ ရေးပြီးမှ ကျနော် ဒီစာရွက်ကိုဆွဲဆုတ်လိုက်ပါတယ်။ ဒီစာကို ကျနော် မ ကိုပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်ဘဲ ကျနော့်ခံစားချက်တွေကို တယောက်ယောက်ကို ပြောခွင့်မသာလို့ စာရွက်ပေါ်မှာ ဖောက်ခွဲမိတာပါ။ အဲလို ဆွဲဆုတ်မိတဲ့ စာရွက်တွေ များလှပြီ မ ရယ်။

ကျနော်ကမှ မပြောရဲဘဲ။ ပြီးတော့ ကျနော့်ခံစားချက်ကို မ သိအောင်မှ မပြဝံ့တာဘဲ။ မ က တကယ့်ကို ဂန္ထဝင်ဆန်တဲ့ မမကြီးတွေလိုမျိုး အိနြေ္ဒရှင်ကြီးလုပ်နေတာလဲ မဟုတ်ဘဲနဲ့ ...။ ကျနော်ပြောရင် မ က အလေးအနက် နားထောင်ပေးမယ် ဆိုတာကို သိနေရက်နဲ့ကို ကျနော် မပြောဝံ့တာ။

အဲဒါနဲ့ပဲ မ ကို ချစ်တဲ့အကြောင်းကို စာရွက်တွေပေါ်မှာ ချရေးလိုက် ဆွဲဆုတ်ပစ်လိုက် ... ဘယ်လောက် ရူးလိုက်သလဲနော်။

ကျနော် ဘာလို့မပြောရဲလဲ သိလားဟင် မ။ မ က ကျနော်ပြောရင် အလေးအနက် နားထောင်မယ် ဆိုတာသိတယ်။ ပြီးတော့ ကျနော့်အချစ်ကို ပြက်ရယ် မပြုဘူးဆိုတာ သိတယ်။ ပြီးတော့ ကျနော့်ကို စာနာ နားလည်မယ်ဆိုတာလည်း သိတာပဲ။ နောက်တခုက ... မ ကျနော့်ကို မချစ်ဘူး ဆိုတာလည်း သိနေ ပြန်တယ်လေ။ အဲဒီလို မချစ်ဘူး ဆိုတာကို သိပြီး မကြားရဲလို့ပဲ ကျနော် မပြောရဲခဲ့တာပါ။

ပြီးတော့ မ က ကျနော့်ကို ပြန်မချစ်နိုင်တဲ့အတွက် ကျနော့်ကို အားနာမယ်၊ သနားမယ် ... ကျနော် မခံနိုင်ဆုံးက အဲဒါပဲလေ။ ကျနော့်ကို ပစ်ပစ်ခါခါ ပြောလိုက်တာကမှ ကျနော်ခံနိုင်ဦးမယ်။ ဒီလိုနဲ့ နောက်ထပ် စာရွက်တရွက် ထပ် ဖြဲရပြန်ပြီ .... ။

မ နေကောင်းရဲ့လားဟင် ... ထမင်းကော မှန်မှန်စားရဲ့လား။ ဒီနေ့ ဘာဝတ်ထားလဲ။ ဘယ်လိုပုံစံ လေးလဲ။ ကျနော် မြင်ဖူးနေကျ အဝတ်အစားပဲလား၊ ဒါမှမဟုတ် နောက်ထပ်ဝယ်တဲ့ ကျနော် မသိတဲ့ စတိုင်လား။ မ မျက်နှာက ဘာလို့ ညှိုးနေတာလဲ၊ မ အသံက ဘာလို့ ဒီနေ့မာနေတာလဲ။ မ သူငယ်ချင်း တွေက ဘယ်သူတွေလဲ ... ကျနော်က အဲဒီလို မ ကို ကျနော်ဖတ်တဲ့ စာအုပ်တွေဖတ်သလို ဖတ်နေချင်တာ၊ စိတ်ဝင်စားတာပါ။

ထပ်ပြောချင်တယ် ... ကျနော် မ ကို လေးလေးနက်နက်ကို ချစ်ပါတယ်။ တကယ်က မလေးမနက် ချစ်ရင်း လေးနက်သွားတာ ဝန်ခံပါတယ်။ ပေါ့တီးပေါ့စ တိုးဝင်မိရင်း နက်နက်ရှိုင်းရှိုင်းကို ပျော်ဝင် သွားတာ။ မထင်မှတ်ဘဲ ဆိုတဲ့စကားက တော်တော့်ကို ဆိုးရွားပါတယ် မ ရယ်။ အလစ်မှာ အငိုက်မိ သွားတယ် ဆိုပါတော့။

မ နဲ့ နီးနီးလေးနေနေတဲ့ အချိန်မှာတောင် မ ကိုလွမ်းတယ် ဆိုရင် ကျနော့်သူငယ်ချင်းတွေက ဟားမှာ။ အရင်က ကျနော်က ဟားတာလေ။ မ က လုံးဝ မလှဘူး ... ဒါပေမယ့် အရမ်းလှတယ်။ အဲဒါကြောင့် ဒီ တရွက်ကိုလည်း ကျနော်လုံးခြေပြီး အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်ပြန်ပြီ။

ကျနော် ဆက်မရေးတတ်တော့ဘူး ... တကယ်က ကျနော့်ရင်ထဲမှာရှိတာ ဒီ့ထက်လေးနက်တယ်ဗျာ။ ကျနော် ပြောချင်တာတွေရဲ့ ဆယ်ပုံပုံ တပုံတောင် ကျနော် ချမရေးနိုင်ဘူး။ ကျနော် မ ကို ချစ်နေတာရဲ့ တရာပုံပုံ တပုံတောင် ကျနော် မဖော်ပြတတ်ဘူး။ ကျနော်ပြောပြတာတွေ ကျနော် ရေးပြတာတွေက ကျနော် မ ကို ချစ်တဲ့စိတ်ရဲ့ ခြေဖျားတောင် မီမှာမဟုတ်ဘူး။ အဲဒါကြောင့် ကျနော် ပြောမပြတော့ဘူး နော်။ ဘယ်တော့မှ မပြောတော့ဘူး။

မ နေကောင်းရဲ့လားဟင်၊ ထမင်းကောစားပြီးပြီလား၊ အလုပ်များနေလား၊ စောစောအိပ်ပါနော်၊ ကျန်းမာရေးကို ဂရုစိုက်ပါ၊ အိမ်မှာတယောက်ထဲဆို တံခါးတွေ သေချာပိတ်ပေါ့၊ လမ်းကူးရင်လည်း ကားတွေကို သေချာကြည့်ကူးနော်၊ ခေါင်းလျှော်ပြီးရင် ဒရိုင်ယာနဲ့ သေချာမှုတ်ဦး၊ မ ကို သိပ်ချစ်တာပဲ လို့တော့ မပြောတော့ပါဘူး ... ။ မ ကျနော့်ကိုအားနာနေမှာကို ကျနော် ပြန်အားနာတယ်လေ။ အဲဒါကြောင့် ဒီစာရွက်ကို ဆွဲဖြဲလိုက်ပါပြီ ....။

(မှတ်ချက်။ ။ အထက်ပါ ရည်းစားစာကို အခမဲ့ ဖြန့်ဝေပါသည်။ သင်ကြိုက်နှစ်သက်သလို ကူးယူ ဖော်ပြနိုင်သည်။ ကြိုက်သလို ပြင်ဆင်ဖြည့်စွက်ပြီး ပေးချင်သူကို ပေးနိုင်သည်။ မူပိုင်ခွင့် မထားပါ)

6 comments:

Dr Phyo Wai Kyaw said...

ဂွတ်ထ
မှတ် သွားတယ်
အသုံးချဖို့ ဟုတ်ဘူးနော်
ကြိုက်လို့။

PHYO said...

ဟုတ်ကဲ့ပါလာဖတ်ပေးတာကျေးဇူးပါဗျို့

sait phay yar said...

ကောင်းလိုက်တဲ့စာလေးတွေ အဲလိုယောကျားလေးတွေရှိလားဟင်

Unknown said...

အင်း စာတွေကကောင်းပါတယ်။
ဒါပေမဲ့ ကျတော်လိုအလွမ်းသမားနဲ့
မကိုက်ဘူးဗျ။

Anonymous said...

ဟုတ်တယ်ဟေ့

မကို ပေးတဲ့ရည်းစားစာကတော့ လန်းတယ်

ဂွတ်တယ်

GreenGirl said...

အော်...ဒါမျိုးတွေလည်း ရှိတယ်နော်။ မမတောါ မဖတ်ဖူးဘူးတစ်ခါမှ :P