နွားနို့ ဖန်ခွက်ထဲတွင် စတော်ဘယ်သီးလေးတလုံးကို ဖျစ်ညှစ်ချေထည့်လိုက်သည့်အခါ၌ ဖြစ်ပေါ် လာသော အရောင်ကို သူ့ ပါးပြင်ပေါ်တွင် တွေ့ရပါလိမ့်မည်။ ထိုအရောင်ကို ကျနော် အတိအကျ မပြောပြတတ်သော်လည်း နှင်းဆီရိုင်း ပွင့်ဖတ်ကလေးများနှင့် တူသည်ဟုတော့ သေချာပေါက် ပြောနိုင်ပါသည်။
နှင်းဆီရိုင်းကလေးများကို မြင်ဖူးကြပါသလား။ ရိုးတံကလေးများက သေးသွယ်ပျော့ပျောင်းသလောက် ပန်းပွင့်ကလေးများကလည်း ခပ်သေးသေး နုနုကလေးများပဲဖြစ်သည်။ သူတို့ကို ခြံစည်းရိုးနှင်းဆီဟု လည်း ခေါ်ကြသည်။
နှင်းဆီ အစစ်ကြီးများလို ရဲရင့်ဝံ့ကြွားမနေသော ထိုခြံစည်းရိုးနှင်းဆီကလေးများကို သူက ချစ်သည်ဟု ဆိုသောကြောင့် ကျနော်လည်း လိုက်ချစ်ဖို့ကြိုးစားရင်း အမှန်တကယ် ချစ်မိသွားခြင်းဖြစ်သည်။ ကြံကြံဖန်ဖန် ဒီခြံစည်းရိုး နှင်းဆီကိုမှ သဘောကျရ သလားလို့ ကျနော်မေးတော့ သူရယ်ပါသည်။ သူ့ရယ်သံက ချိုလွန်းသောကြောင့် ကျနော် ခဏ အံ့သြ မင်တက်သွားရ၏။
သူက မလှပါ။ နှင်းဆီနီကြီးများလို ငွားငွားစွင့်စွင့် မလှပါ။ သို့ပေမယ့် ပျောင်းနွဲ့ညင်သာသော အလှတမျိုး သူ့တွင်ရှိပါသည်။ ဒါကြောင့်ပဲ နှင်းဆီရိုင်းကလေးများကို ကျနော်ချစ်မိသွားသလားမသိ။ သူ့အလှက အဲဒီနှင်းဆီရိုင်းကလေးများနှင့် ခပ်ဆင်ဆင်။
သူ့ကိုစတွေ့သည့်နေ့က ကောင်းကင်တွင် သက်တံ တစင်းထွက်ပါသည်။ သူက ခြေမျက်စိဖုံးအောင် ဝတ်ထားသည့် ထဘီပျော့ပျော့လေးကို ရှည်သွယ်သော သူ့လက်ချောင်းကလေးများဖြင့် မသိမသာ ဆွဲမထားသည်။ ရှပ်အင်္ကျီပွပွ မိုးပြာရောင်နှင့် သနပ်ခါးကိုပိန်းနေအောင် လိမ်းထားသောကြောင့် နည်းနည်း အမြင်ဆန်းသလို ဖြစ်နေသည်။
ကျောလယ်လောက်ရှိမည့်သူ့ဆံပင်များကို ဖြန့်ချထားသည် (နောက်လည်း တခါမှစည်းနှောင်ထားတာ မတွေ့ဘူးပါ) သူ့ဆံပင်များနှင့် အလှမ်းဝေးသော်လည်း သင်းပျံ့ပျံ့ ရနံ့တခုကို ကျနော်ရနေသည်။ အဲဒီအတွက် ကျနော့် အစ်မကို ကျနော် ကျေးဇူးတင်လိုက်ပါသည်။
အစကတော့ ဒီနှင်းဆီပင်ပေါက်ကလေး တပင်ကို ရေးကြီးခွင်ကျယ်လုပ်၍ သူငယ်ချင်းထံ သွားပို့ခိုင်းသော အစ်မကို စိတ်တိုမိသည်။ အမေ့အာဏာစက်ပါ ပါလာသောကြောင့် မသွားချင် သွားချင်ဖြင့် စီးနေကျပြိုင်ဘီးလေးဖြင့် အစ်မပြောသော လိပ်စာကို ထွက်လာခဲ့သည်။
ကျနော့်အစ်မရဲ့ သူငယ်ချင်းကို ကျနော်သိပေမယ့် ခုမှတွေ့ရသည့် သူ့ကို ကျနော်မသိပါ။ နောက်မှ သူတို့ ညီအစ်မတွေထဲက တယောက်ဆိုတာ သိရသည်။ ကျနော်ယူသွားပေးရသည့် နှင်းဆီပင်ပေါက် ကလေးက သူ့အတွက်တဲ့။
* * *
သူက ကျနော့်ထက် အသက်နည်းနည်းကြီးပေမယ့် တခါမှ ဘယ်လောက်ကြီးသလဲ မမေးမိ။ သူကလည်း မပြောပါ။ သူတို့ ညီအစ်မက လေးယောက်။ အားလုံး တောက်ပစွာ လှပကြသည့် အထဲမှာ သူက မှိန်ဖျော့နေသည်။ အားလုံး နောက်ဆုံးပေါ် အဆင်ဒီဇိုင်းများနှင့် လင်းလက်နေချိန်တွင် သူက သနပ်ခါးရေကျဲနှင့် ရှပ်အင်္ကျီ အကွက်စိတ်စိတ်၊ ပြောင်ထဘီကလေးများနှင့် ဆံပင်ကို ဖြန့်ချထားသည့် ပုံစံက မပြောင်းလဲ။
သူက ခြံစည်းရိုးနှင်းဆီကလေးများတွေ့တိုင်း တောက်ပသည့် မျက်ဝန်းလေးများနှင့် ကြည့်မောတတ် သည်။ သူနှင့်ကျနော် ခင်မင်ကြပြီးနောက်ပိုင်းတွင် ကျနော်တို့ မြို့လေးရဲ့ လက်ဘက်ရည်ဆိုင်လေး တဆိုင်မှာ ညနေတိုင်းဆုံတွေ့ကြသည်။ ကျနော့်ရဲ့ ဘောလုံးကန်ချိန်များကို သူ ဖဲ့ယူသွားသော်လည်း ကျနော်ကျေနပ်ပါသည်။
ကျနော်တို့ ၂ ယောက်မှာ သီချင်းတွေကိုကြိုက်တာကလွဲလို့ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ သူက စာအုပ်အလွန်ဖတ်သည်။ ကျနော်က စာလုံးဝမဖတ်။ သူက အားကစားလုံးဝ စိတ်မဝင်စား။ ကျနော်က ဘောလုံးကန်တာကစလို့ အားကစားတော်တော်များများလုပ်သည်။ သူက လက်ဘက်ရည် ကျဆိမ့်ကို ၂ ခွက်ဆင့်သောက်နိုင်သည်။ ကျနော်က လက်ဘက်ရည်မကြိုက် .... အအေးပဲသောက်သည်။
အဲဒီလိုမတူတဲ့ကြားက ကျနော်တို့ ၂ ယောက် တယောက်ကို တယောက် မတွေ့ရ မနေနိုင်အောင် ဖြစ်လာသည်။ ညနေစောင်းလျင် ကျနော့်ပြိုင်ဘီးကလေးက အလိုလို လက်ဘက်ရည်ဆိုင်ကို ရောက်သွားသည်။ ဆိုင်ရှေ့တွင် သူ့ဖီးစန့် ခရမ်းရောင်လေးကို တွေ့လိုက်ရင်တော့ ကျနော့်ရင် လှပ်ခနဲ ခုန်ပါသည်။
သူကလည်း ကျနော့်ကို သေချာပေါက် သတိရနေလိမ့်မည်ဟု အတပ်ပြောရဲသည်။ ကျနော်တို့ ၂ ယောက် တယောက်ကိုတယောက် ချစ်ပါသည်ဟု မပြောဘဲ တယောက်ကိုတယောက် ရူးရူးမူးမူး စွဲလန်းမြင်တွေ့ချင်နေကြသည်။ သူနားထောင်ဖို့ သီချင်းတွေ ကျနော်အမြဲရှာပေးနေကျ။ ကျနော်က သူ့ကို သီချင်းတပုဒ်ပေးနားထောင်တိုင်း၊ ဒါမှမဟုတ် အခွေတခွေပေးတိုင်း သူက ကျနော့်ကို ဘာလီ သကြားလုံးလေး တလုံးပြန်ပေးလေ့ရှိသည်။
ဘာလီသကြားလုံးကလေးပေါင်း ၁၀၀ တိတိ ပြည့်ချိန်တွင် ကျနော်တို့၏ ညနေခင်းများကို ဖျက်ဆီးမည့် ရန်သူပေါ်လာတော့သည်။ အဲဒါကတော့ မိုးရာသီပဲဖြစ်၏။ မိုးသည်းထန်သော ညနေများမှာ သူ စက်ဘီးဖြင့် အပြင်ထွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါ။ ပိုဆိုးတာက မိုးနဲ့သူက မတည့်ဘူးတဲ့။ မိုးရေထိတာ နဲ့ သူ နေမကောင်းဖြစ်တတ်သည်ဟု အစ်မကပြောပြသည်။
သူ့မှာ ဘာရောဂါရှိသလဲ ကျနော်မသိပါ။ ကျနော်သိသည်က ကျနော် သူ့ကို သိပ်ချစ်နေပြီဆိုတာ သူနဲ့ မတွေ့ရသည့်ရက်များမှာ ပိုထင်ရှားလာတာပဲဖြစ်သည်။ သူကော ကျနော့်ကိုချစ်နေလား။ ကျနော်မသိ ပါ။ ကျနော် ခံစားနေရသလို သူခံစားနေရမလား ... တဘက်သက် တွေးနေရတာက ရူးသွပ်မှုတခုသာ ဖြစ်၏။
ကျနော်ဘာကြောင့် သူ့ကို ချစ်တယ် ဆိုတဲ့စကား မပြောခဲ့သလဲ ကိုယ့်ကိုယ်ကိုယ် နားမလည်။ ခု ပြန်စဉ်းစားတိုင်း ခု ဝမ်းနည်းနေသည်။
ဘာလီသကြားလုံးလေးတွေ အလုံး ၁၀၀ တိတိရှိသည်။ သူ ကျနော့်ကို ချစ်ခဲ့ပါသလား။ ခြံစည်းရိုးနှင်းဆီ သေးသေးလေးများကို တွေ့တိုင်း ကျနော် ချစ်ခင်မြတ်နိုးစွာကြည့်မိသည်။ သူမို့ ကြံကြံဖန်ဖန်ပြောတတ်သည် “မာနမကြီးတဲ့ နှင်းဆီ” တဲ့။
မစဲနိုင်သော မိုးတညနေတွင် စက်ဘီးဖြင့် ဇွတ်ထွက်လာကာ လက်ဘက်ရည်ဆိုင်လေးတွင် ကျနော့်ကို သူလာစောင့်သည်ဟု ကျနော် တကယ် မသိခဲ့ပါ။ အဲဒီနေ့က မိတဲ့မိုးက သူ့အသက်ကိုပါ ယူသွားခဲ့မယ် ဆိုတာ သိခဲ့ရင် ကျနော် ....။
နှင်းဆီရိုင်းကလေးများကို တွေ့တိုင်း သူ့ကို တမ်းတမ်းတတ လွမ်းဆွတ် ပါသည်။ သူတို့ကို လေတိုးလိုက်သည့်အခါ သူတို့က မွှေးမွှေးမြမြ ရီပါသည်။

1 comment:
လွမ်းတယ်ဟယ်း(
Post a Comment