Tuesday, December 16, 2008

အိပ်မက်တချို့

သတိရချင်ရပြီး သတိမရချင်မရဘဲ နေလိုက်ပါ

ပုံမှန်အလုပ်တွေထဲ ဝဲလည်ရင်း

ပုံမှန်လမ်းတွေကိုလျှောက်သွားတဲ့အခါ

ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တခုကို

ဖြတ်ခနဲတွေးမိသွားတဲ့အခါ

ဘာမှမဟုတ်တဲ့ ခေါက်ဆွဲပြုတ်တပန်းကန်နဲ့

အထီးကျန်ဆန်တယ်လို့ ထင်မိတဲ့အခါ

စိတ်ဖြေဖျောက်ဖို့ တီးခတ်စရာ

ဂစ်တာလေးတလက်တောင် အနားမှာမရှိတော့တဲ့အခါ

သိုင်းဝတ္ထုတအုပ်ကို

စိတ်ပါလက်ပါ ဖတ်နေမိတဲ့အခါ

ရော့ကာကြီးတယောက်ရဲ့ဆွေးဆွေးမြေ့မြေ့သီကျူးသံ

နားကြပ်ထဲက ထွက်ပေါ်လာတဲ့အခါ

ဘလော့ဂ်မှာပို့စ်တင်ဖို့

မြန်မာစာ ရိုက်ခိုင်းချင်တဲ့အခါ

လွမ်းတယ်မလွမ်းဘူးမသေချာလှဘဲ

နှလုံးသားထောင့်တနေရာက လှပ်ခနဲဖြစ်သွားတဲ့အခါ

ခနတာပေမယ့် အားပေးဆုပ်ကိုင်ခဲ့တဲ့

လက်တစုံလစ်ဟာသွားမှန်း သေချာလာတဲ့အခါ

ဘတ်စ်ကားကို

အကြွေစေ့ထည့်ပြီး စီးဖြစ်တဲ့အခါ

ဈေးဝယ်တွေကျနေလို့ အလုပ်ရှုပ်နေတဲ့ကြားက

ဆိုင်ရှေ့ကို တချက်လောက်ကြည့်မိလိုက်တဲ့အခါ

ရင်ထဲမှာပြည့်လျှံလာလို့

ဖွင့်ချဖောက်ထုတ်ဖို့နေရာ ရှာမရတဲ့အခါ

စာအုပ်ဆိုင်ထောင့်မှာ

မွှေနှောက်နေသူ တယောက်ယောက်ကိုတွေ့တဲ့အခါ

စီးနေကျ ရထားကြီးပေါ်က

နှစ်ယောက်ထိုင်ခုံလေး လစ်ဟာနေတဲ့အခါ

ဒိတ်အောက်နေတဲ့

ခပ်စုတ်စုတ် ဖုန်းဟန်းဆက်ကလေးတွေ မြင်တိုင်းမှာ

ပိုက်ဆံတခါထုတ်ဖို့

အကြာကြီးတန်းစီစောင့်ဆိုင်း နေရတဲ့အခါ

ဘာမှမသက်ဆိုင်ကြဘဲ

တကယ်သက်ဆိုင်သူတွေလို

အတည်ပေါက် သရုပ်ဆောင်ကြရင်း

စိတ်ပါလက်ပါ နစ်ဝင်သွားတဲ့နေ့တွေ တကယ်ရှိခဲ့ဖူးတာကို ...

တယ်လီဖုန်းမက်ဆေ့ခ်ျတွေနဲ့

အပြန်အလှန် ရန်ဖြစ်ခဲ့ကြဖူးတာကို ...

ခွဲခွာကြတဲ့ လမ်းတိုလေးမှ မဆုံးခင်

အငမ်းမရဖုန်းခေါ်မိကြတဲ့

အဖြစ်အပျက်တွေ တကယ်ရှိခဲ့ဖူးတာကို ...

တကယ့်အစစ်မဟုတ်မှန်း သိရက်နဲ့

တကယ့်အဖြစ်အပျက်လို့ ရူးရူးမိုက်မိုက် ထင်ခဲ့ကြဖူးတာကို ...

သတိရချင်တဲ့အခါရပြီး သတိမရချင်လည်း မရဘဲနေလိုက်ပါ ... ။

6 comments:

ခေါင်ခေါင် said...

လာဖတ်ချင် ဖတ်ပြီး
လာမဖတ်ချင်မဖတ်ပဲ နေလိုက်ပါ့မယ် :P

Unknown said...

ဟာဗျာဒီကလားမလေးခေါင်ခေါင်
ကတော့အကောင်းလဲမပြောဘူးဗျာ

ခေါင်ခေါင် said...

အင်.. နာမည်ဖျက်ထားပြန်ပြီ.. သူသာ အာဖရိက ကလာတာ .. ဒရော့ဘာတို့အမျိုး.. ဟုတ်တယ်မလား..

ဖိုးဂျယ် said...

သတိရချင်ရင်တော့ ရလိုက်ပါ အကိုရယ်
တီးခေါင်က သူများခံစားချက်ကို နာလိုဘူးထင်ပါ့
ဟီး စတာနော် စိတ်ချိုးနဲ့

Anonymous said...

အကယ်ကြီးကို ဟတ်ထိနေတာပါလား..
ချိတ်မကောင်းပါဘူးဗျာ...

Anonymous said...

သားသားကြိုက်ကြိုက်.. :P
နှစ်ပုဒ်လုံးကိုကြိုက်တယ်.. ဟန်ထူးလွင်ကိုက သိပ်နားမထောင်ဖြစ်လို့ အဲ့သီချင်းကိုအခုမှ ကြားဖူးတယ်ဗျ... တော်တော်ကောင်းတာပဲ။