Friday, December 19, 2008

ကာရံမညီသော

ကျနော်တို့ ၂ ယောက်က ဆန့်ကျင်ဘက်တွေနဲ့ ပေါင်းစပ်ထားတဲ့ ညီညွတ်မျှတမှုတခုလို့ ဆိုရမလား မပြောတတ်ဘူး။ ၂ ယောက်ပေါင်းလိုက်တဲ့အခါမှာ ညီညွတ်မျှတသွားတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ၂ ယောက်က လုံးဝမတူတဲ့ ဆန့်ကျင်မှုတွေကို နှစ်သက်လက်ခံထားကြသူတွေပါ။

တယောက်ကိုတယောက် မမြင်ရရင် အရူးအမူးတွေ့ချင်နေကြပြီး (အတိအကျဆိုရရင် ကျနော်ကပဲ တွေ့ချင်နေတာပါ) တွေ့တဲ့အချိန်တိုင်းမှာ လုံးဝမတည့် ကြ၊ ပြီးတော့ စိတ်ကောက်ကြ၊ နောက်ဆုံး မှာတော့ ကျနော်ကပဲ ချော့ရတာပါ။

ကျနော်က ယောက်ျားလေးပေမယ့် ခံစားမှုကို အရမ်းဦးစားပေးတယ်။ ကျနော့်ရဲ့ ခံစားချက်တွေကို လည်း သူသိအောင် အမြဲဖော်ထုတ်ပြသလေ့ရှိတယ်။ သူကတော့ ခံစားမှုကိုဦးစားပေးလေ့မရှိဘူး လက်တွေ့ကျတယ်။ ဥပမာ ကျနော်က သူ့ကိုလွမ်းလွန်းလို့ ဖုန်းခေါ်ရင် သူက ဘာလို့ဖုန်းခေါ်တာလဲ ပိုက်ဆံအပိုကုန်တာပေါ့လို့ ပြောတတ်တယ်။ အဲဒီမှာ ကျနော့်ရဲ့ ဖီလင်တွေ အောက်ကုန်တော့ တာပါပဲ။

စားသောက်ဆိုင် တဆိုင်ဆိုင်မှာ ဥပမာ ကော်ဖီဆိုင်လိုမျိုးမှာ သွားထိုင်စကားပြောဖို့များ သူ့ကို မဆွယ်လေနဲ့ “နင်ဘာသိလဲ ကော်ဖီဆိုင်ထိုင်ရင် အနည်းဆုံး ၁၅၀၀ လောက်တော့ ကုန်မှာ။ အဲဒီပိုက်ဆံကို စုထားရအောင်ဟာ။ ကော်ဖီဆိုင်ထိုင်မယ့်အစား လမ်းဘေးက လက်ဘက်ရည်ဆိုင် ထိုင်ရအောင်။ နင်သောက်ပေါ့ ငါက ရေနွေးကြမ်းပဲသောက်မယ်လေ” ... အဲလို ကောင်မလေး ဆိုတော့ ကျနော့်ရဲ့ ရိုးမန့်စ်ဖြစ်တဲ့ စိတ်ကူးလေးတွေ ရေစုန်မျောတော့တာပေါ့။

“နင်က ဘာပြောပြော ပိုက်ဆံကုန်တယ်ဆိုတာနဲ့ မတိုင်းရရင် မနေနိုင်ဘူးလားဟင်” လို့ အသည်း တယားယား မေးမိတော့ သူ ဘာပြန်ပြောတယ်ထင်လဲ ... “ဟင့်အင်း အဲဒါကိုက ငါ့အကျင့်။ နင် မကျေနပ်လည်း မတတ်နိုင်ဘူး” တဲ့ဗျာ။

ထားပါတော့ ဒါကတော့ သူ့အကျင့်ဆိုတော့ ကျနော်သည်းခံနိုင်ပါတယ်။ ဒါပေမယ့် တခါတခါများ ကျနော့်ကို ပြောလိုက်တဲ့စကားတွေက ကျနော်ဘယ်လိုခံစားသွားရမယ်ဆိုတာ သူစဉ်းစားမိပုံမရဘူး။ တခါများ ကျနော့်မှာ သူ့ကို တနေ့လုံးလွမ်းလွန်းလို့ ညနေသူ့ရုံးကိုသွားကြိုမိတယ်။ သူက ကျနော့်ကို မြင်လိုက်တော့ ပျော်သွားပုံတော့ရပါရဲ့ (ကျနော့်အထင်လည်းဖြစ်နိုင်ပါတယ်) ကျနော်က သူ့ကို နေ့လယ်က ဘယ်လိုလွမ်းကြောင်းတွေ ပြောမိတော့ သူက အံ့သြတဲ့မျက်နှာနဲ့ “အမလေး ငါများတော့ နေ့ခင်းကအလုပ်တွေ ရှုပ်လွန်းလို့ လူသတ်ချင်စိတ်ပေါက်နေတာ” တဲ့။ ကျနော်က ငါ့ကိုနည်းနည်းများ မလွမ်းမိဘူးလားဆိုတော့လည်း “ဘယ်လိုလုပ်လွမ်းမှာလဲဟ။ သတိတောင်မရဘူး။ ခု နင့်ကိုမြင်လိုက်မှ သတိရသွားတာ” လို့ ပြောတယ်ဗျာ။ ပိဿာလေးဘေးပစ် အဲလို။

နင် ငါကျေနပ်အာင် နည်းနည်းများ လိမ်ပြီးဖြေဖို့ မစဉ်းစားဘူးလားဆိုတော့ ဘာပြောတယ်ထင်လဲ .. ဘာလို့လိမ်ရမှာလဲ။ ငါ က အမှန်အတိုင်းပဲပြောတတ်တာတဲ့။ အဲလို ကျနော့်ကို နည်းနည်းမှ မညှာတာတဲ့ ကောင်မလေးက ကျနော်သိပ်ချစ်ရတဲ့ ချစ်သူဖြစ်နေပါတယ်။

တခါတခါများ ကျနော်ကပဲ သူ့ကိုချစ်ရပြီး သူကကျနော့်အပေါ် တကယ်မချစ်ဘူးလို့ ထင်မိတယ်ဗျ။ အဲဒါတကယ် ... အဲလိုထုတ်ဖော်ပြီးမေးမိရင်တော့သူက ပါးစပ်က ထုတ်ပြောနေမှ ချစ်တာလားလို့ ရန်ပြန်တွေ့တယ်။ “ငါ့ဖာသာငါ ချစ်နေပြီးရော မဟုတ်လား။ နင့်ကို တတွတ်တွတ်ပြောနေ ရဦးမှာလား” လို့လဲ စိတ်တိုတဲ့ လေသံနဲ့ ပြောတတ်ပါသေးတယ်။

အဲဒီအခါမျိုးမှာ ကျနော် မရှင်းတတ်တာ အမှန်ပါ။ သူနဲ့ကျနော်က ဘာဆိုဘာမှ မတူကြဘဲလေ။ သူက ကပ်စေးနဲတယ် (ကိုယ့်ချစ်သူမို့ ဘက်လိုက်ပြောရရင် စေ့စပ်တာပါ) ကျနော်က လက်ဖွာတယ်။ အဲလိုလက်ဖွာတာကို သူက လုံးဝကြည့်မရဘူး။ ကျနော်ကလည်း သူကပ်စေးနဲတာကို လုံးဝ ကြည့်မရ ဘူး။ သူက သူစိတ်ဝင်စားတာ တခုခုလုပ်နေရင် ကျနော်အပါအဝင်အားလုံးကို မေ့နေရောပဲ။ ကျနော်က တော့ ဘာလုပ်လုပ် သူ့ကို သတိအမြဲရတယ်။

သူက စကားတော့အရမ်းများတယ်။ ဒါပေမယ့် သူပြောသမျှက ဒီနေ့အလုပ်မှာ ဘယ်သူ့ကို ဘာပြော လိုက်ကြောင်း၊ ဘာတွေစားကြကြောင်း၊ ဘယ်သူက ဘယ်လိုဝတ်လာကြောင်း၊ သူ့အထက်လူကြီးက သူ့သူငယ်ချင်းကောင်မလေး တယောက်ကို စိတ်ဝင်စားနေပုံရကြောင်း၊ အဲလိုကြောင်းပေါင်း များစွာ ကို တတွတ်တွတ် ရွတ်ပြီးပြောနေတတ်တယ်။ ကျနော်က နားထောင် ခေါင်းညိတ်ပေါ့။ သူ့စကားထဲမှာ ကျနော့်ကို ဘယ်လောက်ချစ်ကြောင်းနဲ့ ဘယ်လောက်လွမ်းကြောင်းများ ပါလေမလားလို့ စောင့်ရင် စောင့်တဲ့သူသာ မောသွားမယ်။

အဲဒီလို သူစကားတွေ တတွတ်တွတ်ပြောနေတဲ့အချိန်မှာ ကျနော်က “နေပါဦး မေးပါဦးမယ် နင် ငါ့ကို ဘယ်လောက်ချစ်လဲဟင်” လို့ မေးကြည့်လိုက်ပါလား “ဘာလာကြောင်တာလဲဟ ဒီမှာ စကား အကောင်းပြောနေတာ” ဆိုပြီး ဟောက်ခံရပြီမှတ်။ ကျနော့်မှာတော့ အားတွေငယ်လို့။ သူ အဲလိုပြောလို့ ကျနော့်ကို မချစ်ဘူးလို့လည်း ထင်လို့မရတဲ့ အချက်လေးတွေ သူ့မှာ ရှိနေပြန်ရော။ ဥပမာ သူက “မောင် .. နင် ပိန်သွားပါလား .. ထမင်းကော မှန်မှန်စားရဲ့လားဟင်။ လက်ဘက်ရည်တွေချည်း စွတ် သောက်မနေနဲ့ဦးနော်” လို့လည်း စိတ်ပူသလို ပြောတတ်ပါတယ်။ အဲဒီအခါမှာတော့ ကျနော် ကြည်နူးရ တာပေါ့လေ။

ဒါပေမယ့် ဆက်ပြီးတော့ “နင် ဘီယာတွေ လှိမ့်သောက်နေတယ်မဟုတ်လား။ ငါသိတယ်နော်။ ပိုက်ဆံ စုပါဆို။ ပိုက်ဆံကျ မစုချင်ဘူး ....” ဆိုပြီး ရေရွတ်လို့ မဆုံးရင် ကျနော် နားညည်းရပြန်ပါရော။

ကျနော်တို့ ၂ ယောက်ကြားမှာ ဘာလိုအပ်နေတယ် ဆိုတာ ကျနော်တကယ် နားမလည်နိုင်ဘူး။ ကောင်မလေးတွေက အဲလိုပဲလားဗျာ။

တခါတလေ လွမ်းလွန်းလို့ (ကျနော်ကတော့ အချိန်တိုင်းလွမ်းနေတာပါ) ညဘက် သူ့ဆီ ဖုန်းဆက် ချင်သည့်တိုင်အောင် စိတ်ကို ချုပ်တီးထားရတယ်။ အားအားယားယားဟာ ငါက အိပ်ချင်နေပြီ လို့ ပြောလိုက်မှာကို ကျနော်လန့်တယ်လေ။ သူကောလိုက်မှာကို လန့်တာမဟုတ်ဘူးနော်။ သူ အဲလို ပြောလိုက်ရင် ကျနော့်ခံစားချက်တွေ ရေစုန်မျောပြီး အရမ်းခံစားရမှာ။ အဲဒါကို မခံစားနိုင်တာ။

တခါတော့ သူကကျနော့်ကိုအားနာလွန်းလို့လားမသိဘူး ပြန်ပြောရှာပါတယ်။ ဒါပေမယ့် သူ့အသံက အရမ်း အိပ်ချင်နေတဲ့အသံ။ စဉ်းစားကြည့်ဗျာ။ ချစ်သူနဲ့စကားပြောတာကို အိပ်ချင်နေတာဆိုတော့ ကျနော် ဘယ်လိုနေမလဲလို့။ ကျနော်က အိပ်ချင်နေရင်အိပ်တော့လေ လို့လည်းပြောရော ဝမ်းသာ သွားတဲ့အသံကို ဖုံးဖိမရဘဲ အင်းအင်း ဂွတ်နိုက်နော်ဆိုပြီး ဖုန်းချသွားတာ ... ။

ကျနော့်မှာသာ ... ။

ကျနော် သူ့ကို ဘာလို့ချစ်မိပါလိမ့် ... လို့ ပြန်စဉ်းစားကြည့်လိုက်တော့။ အဲလို ဟန်မဆောင်ဘဲ ပွင့်လင်းလွန်းလို့၊ ရိုးသားလို့ပါလားဆိုတာ သတိရတယ်။

ဒါပေမယ့် တခါလောက်တော့ ချစ်သူ စိတ်ထိခိုက်သွားမလား ဆိုပြီး ညာပြောလိုက်ပါလား ကောင်မလေးရယ် ....လို့ ညည်းချင်မိတယ်။ ဟုတ်တယ်ဗျာ တခါတခါ ကျနော့်ကိုယ်ကျနော် ဘာလိုချင်နေတာပါလိမ့်လို့ စဉ်းစားလို့ မရအောင်ပါဘဲ။ အချစ်ဆိုတာ အဲလို အမြဲ တခုခုလိုနေတာ မျိုးများလား ...။

မှတ်ချက်။ ။ ကျနော်ရေးသမျှဝတ္ထုတွေ ကဗျာတွေကို ကျနော့်အကြောင်းတွေလို့ မမှတ်ကြ ပါနဲ့ဗျာ။ ကျနော့်စိတ်ထဲ စဉ်းစားမိတဲ့ အကြောင်းအရာတွေကို ဒီလိုပဲရေးလိုက်တာပါ။ ကျေးဇူးပြုပြီး ဝတ္ထုကို ဝတ္ထုလိုပဲဖတ်ပေးပါ။

ကျေးဇူးတင်စွာဖြင့်

ဖြိုးသူ

6 comments:

tututha said...

ဝတ္ထုကို ဝဆ္ထုလိုပဲ ဖတ်သွားပါတယ်။

စန္ဒီမိုးမြင့် said...

ဝတ္တဲလိုဘဲ ဖတ်တယ် ဒါပေမယ့် ပြောချင်သေးတယ်အစ်ကိုရ
ညီမလေးလည်းကပ်စေးနဲတဲ့ထဲမှာပါတယ်
အိမ်က ဖေဖေပေးတဲ့မုန့်ဖိုးကို လုံးဝ မသုံးဘဲစုတယ်
လိုချင်တာ စားချင်တာကိုမေမေ့ဝယ်ခိုင်းတယ်
အင်တာနက်မရလို့ရည်းစားဆီဖုန်းမခေါ်ဘူး
လွမ်းရင်စာရေးတယ် ဖုန်းမခေါ်ဘူးပိုက်ဆံကုန်တယ် :P
သိဘူး ။
:P
အစ်ကိုရဲ့ ၀တ္တုထဲက ရည်းစားဘဲဖြစ်ဖြစ် ၊တကယ်ရည်းစားဖြစ်ဖြစ် သူ့ပုံစံဘဲ သူက တော့ အစ်ကို့ကို ချစ်ရင်လဲ ချစ်မှာပါ မချစ်ရင်လဲ မချစ်ဘူး
ညီမကတော့ ညီမရည်းစားကို စိတ်ပျက်မိတာ အမှန်ဘဲ ကဗျာလဲဆန်မရ
သ၀န်တိုတာလဲ အလွန်
အဲတော့ ကွဲမယ်ဖြတ်မယ်ပြောပစ်လိုက်တယ် :P

Anonymous said...

ဒါဆို စိတ်ကူးတော်တော်ကောင်းတာပဲ ရေးတတ်တယ်ဗျ...

PHYO said...

ကတ်စေးနဲတာတော့ မဟုတ်ဘူး
ညီမလေး စန္ဒီမိုးမြင့် ရ အပိုသိတ်မသုံးချင်တာ SG မှာ ကရောက်စတုံးကဆို
အားလုံးကို မြန်မာ ပိုက်ဆံနဲ့တွက်ပီး ဟိုဟာဆိုလည်းတော်ပါပီ ဒီဟာဆိုလည်းမဖြစ်ပါဘူးဆိုပီး
အကျင့်ပါသွားတာနေမှာ အဟီးဟီး

GreenGirl said...

အရမ်းကောင်းတာပဲ :)

poemflower said...

ဝတ္တုလေးကောင်းတယ် တစ်ခါတစ်လေ လောကမှာဖြစ်တတ်တဲ့ သဘောလေးတွေကိုရေးထားတာ ကောင်းတယ်