Wednesday, December 31, 2008

သယ်ဆောင်သွားမယ့် ပန်းတခင်း

နှင်းဆီပန်းတွေ ကမ်းလုံးညွှတ်အောင် ပွင့်တဲ့မနက်ခင်းတခုမှာ ကျနော်တို့တွေ့တယ်။ တကယ်က အဲဒီ နှင်းဆီတွေ အပြင်မှာ ပွင့်နေတာမဟုတ်ဘူးလေ။ ကျနော့်ရင်ထဲမှာပွင့်နေတာ သိတယ်မဟုတ်လား။ နှင်းဆီတွေက ယိမ်းယိမ်းနွဲ့နွဲ့၊ ရောင်စုံ လန်းစွင့်လို့၊ ပြီးတော့ မွှေးမြလို့ .. ။ ကျနော်က ကောင်မလေး လို့ ခေါ်တဲ့သူ့ဆီမှာ ကျနော်သိပ်ချစ်တဲ့ မေးစေ့ချွန်ချွန်လေးရှိတယ် ..။ ကျနော့်ကို ဖုံးမနိုင်ဖိမရ ချစ်နေတယ်ဆိုတာ ပေါ်လွင်တဲ့ မျက်ဝန်းတစုံရှိတယ် ..။ ပြီးတော့ ကျနော့်ကို ရင်ခုန်လှိုက်မောစေတဲ့ နှုတ်ခမ်းပါးလေး ရှိတယ်။ ဒီလောက်ဆိုတော်ပြီပေါ့။ မဟုတ်သေးဘူး .. ကျနော်တို့ ၂ ယောက်စလုံးအတွက် ပြီးပြည့်စုံတဲ့ အချစ်တွေ ကျနော်တို့ ၂ ယောက်လုံးစီမှာ အပြည့်အဝရှိတယ်။ ကျနော်က ခပ်ပေါပေါ အချစ်ဝတ္တုတွေ၊ ဗီဒီယို ဇာတ်လမ်းတွေကို အယုံအကြည်မရှိဘူး ... ပြီးတော့ အိပ်မက် ဆိုတာကို လက်တွေ့ဘဝလောက် မမက်မောဘူး။ ဒါပေမယ့် သူက ကျနော့်ဆီကို အဲဒါတွေ အားလုံး သယ်ဆောင်လာခဲ့တယ်။ တခါတလေမှာ တကယ့်အဖြစ်အပျက်တွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် ဆန်းကြယ်တယ်လို့ ပြောဖူးတဲ့ သူငယ်ချင်းတယောက်ကို ကျနော်ဟားခဲ့ဖူးပါတယ်။ ခု အဲဒီသူငယ်ချင်းကို ကျနော် ထိုင်ရှိခိုးချင်စိတ် ပေါက်နေမိတယ်။ သူပြောတာ မှန်လွန်းလို့ပါ။ ကောင်မလေးနဲ့ ကျနော်နဲ့ ဇာတ်လမ်းက စိတ်ကူးယဉ်ပြီးပေါတောတောလျှောက်ရေးထားတဲ့ ခပ်ချာချာ ဝတ္ထုရေး ဆရာတယောက်ရဲ့ ကျိန်စာသင့်ခဲ့တယ်ဗျာ။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးတဲ့လား ... ဟုတ်ကဲ့။ အဲဒီ စကားကို ဘယ်သူကများ ပြောခဲ့ပါလိမ့်။ တက်ကျမ်းဆရာတယောက်က ပြောခဲ့တာထင်ပါရဲ့။ ဟုတ်လိုက်လေ .. မဖြစ်နိုင်ဘူး ဆိုတာများ မရှိရင် သိပ်ကောင်းမှာပဲ ကိုယ့်ဆရာရေ့။ ခင်ဗျားပြောသလို မဖြစ်နိုင်ဘူး ဆိုတာတော့ မရှိဘူးပေါ့ .. ဒါပေမယ့် ဆင်ခြင်တတ်တဲ့ဦးနှောက်တွေ လူတွေဆီမှာရှိနေတယ်ဗျာ။ ဖြစ်အောင် လုပ်လို့ရပေမယ့် ဖြစ်လို့မရတဲ့ ကိစ္စတွေရှိတယ်ဗျာ ကဲ ရှုပ်ကုန်ပြီထင်ပါရဲ့။ မရှုပ်ပါနဲ့ ကျနော်ရှင်းပါ့မယ် .. ဘာရယ်မဟုတ်ဘူးဗျာ .. နှစ်သစ်အဝင်မှာ ဝတ္ထုလေးတပုဒ်ကို အစပျိုးကြည့်တာပါ ဟဲဟဲ .. ။ တကယ်တော့ ကျနော့်ကောင်မလေးနဲ့ ကျနော်နဲ့ ဇာတ်လမ်းလေးကို နှစ်သစ်ထိ ယူမသွားချင်ဘူးဗျ။ ဒါပေမယ့် မရဘူး .. သယ်သွားရတော့မှာပဲ။ ဒီဇာတ်လမ်းက ခင်ဗျားတို့မြင်တဲ့အတိုင်း အဆုံးသတ်လို့မှ မရသေးဘဲ .. ။ ကျနော်ကိုယ်တိုင်လည်း အဆုံးသတ်လို့မရသေးဘူး ကောင်မလေးကိုလည်း အဆုံးသတ်ခိုင်းလို့မရဘူး .. ။ ကျနော့်သူငယ်ချင်းတွေ ဝိုင်းပြီး အဆုံးသတ်ပေးကြည့်ပါလားဗျာ ..။ ဘယ်သူမှ အဆုံးသတ်ပေးလို့ မရဘူး ဆိုရင်တော့ နောက်နှစ် ၂၀၀၉ ခုထဲကို ဒီဇာတ်လမ်းလေး ယူသွားရဦးတော့မှာ ...။ တကယ်ပြောတာဗျ ... ကျနော်တို့ ၂ ယောက်က တယောက်ကို တယောက် သိပ်ချစ်ကြတယ်။ မြန်မာဗီဒီယို အချစ်ဇာတ်လမ်းတွေ ထဲကလိုပဲ ... တယောက်နဲ့တယောက် မမျှော်လင့်တဲ့နေရာမှာ မမျှော်လင့်ဘဲ တွေ့ကြပြီး မမျှော်လင့်ဘဲ သိပ်ချစ်သွားကြ .. ပြီးတော့ ချစ်ရက်နဲ့ ခွဲခွာခဲ့ရတယ် ဆိုပါတော့ဗျာ။ ဘယ်တော့မှ မဆုံနိုင်တော့တဲ့ မျဉ်းပြိုင် ၂ ကြောင်းလိုပဲဆိုတာ သိကြပေမယ့် အဲဒီမျဉ်းပြိုင် ၂ ကြောင်းက ချစ်နေဆဲပဲဗျ။...သင်္ချာ သဘောအရ ဆိုရင် Infinity ဆိုတဲ့ နေရာမှာတော့ ဆုံချင်ဆုံမှာပေါ့။ ဆုံချင်မှလည်း ဆုံမှာပေါ့ ... ဒီတော့ ဇာတ်လမ်းက အဆုံးသတ်လို့မရဘူး .. ကဲ မထူးဘူးဗျာ .. အချိန်က သိပ်ကျန်တော့တာ မဟုတ်ဘူး ၂၀၀၉ ထဲကို သယ်သွား တော့မယ်။ ကျနော့်ရင်ထဲမှာ ပွင့်နေတဲ့ နှင်းဆီတခင်းကိုတော့ ဘယ်လိုမှ သတ်မပစ်နိုင်ဘူးဗျာ .. ပွင့်လက်စ နှင်းဆီတွေ ဆက်ပွင့် ပါစေတော့ ... မွှေးလက်စတွေလည်း ဆက်မွှေးမြပါစေတော့ .. ။ ခင်ဗျားတို့ရင်ခွင်ထဲမှာကော ပန်းတွေ အဲလိုပဲ ဖူးပွင့်နေကြလား။ အဲလိုပဲ ဖူးပွင့်နေတယ်ဆိုရင်တော့ မထူးပါဘူး ချန်မထားခဲ့နဲ့တော့ နှစ်သစ်ကို သယ်သွားလိုက်ပါ။ အချစ်ဆိုတာ အမုန်းထက်တော့ ပိုကောင်းပါတယ်ဗျာ .. ဟုတ်တယ် မဟုတ်လား။ နှစ်သစ်မှာ သူငယ်ချင်းအားလုံး ချစ်ခြင်းတရားတွေနဲ့ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ



4 comments:

အိပ်မက်နိဒါန်း said...

နှစ်သစ်မှလဲ ချစ်တဲ့သူလေးနဲ့ပျော်ရွှင်နိုင်ပါစေ.မျဉ်းပြိုင်နှစ်ကြောင်းလဲ ဆုံနိုင်ပါစေ.တကယ်ဘယ်ဆုံနိုင်ပါစေ..
အစ်မ ကတော့ချစ်တဲ့သူတိုင်းကို ဆုံစေချင်ပါတယ်..

GreenGirl said...

Happy New Year Phyo!
May you poccess all your wishes :)

poemflower said...

ချစ်သူတိုင်းဆုံဆည်းနိုင်ပါစေ ကိုဖြိုးလည်း ၂၀၀၉ မှာ ပျော်ရွင်တဲ့ချစ်ခြင်းတွေပိုင်ဆိုင်နိုင်ပါစေ.

sait phay yar said...

ဘာဖြစ်လို့ချစ်ခြင်းတွေကို နှစ်သစ်တွက်သယ်မသွားချင်တ်ာလည်းဟင်..
မမေကို ကွင်းပေးလိုက်တယ်..
ပျော်လိုက်တာ... အကုန်လုံးတော့ ကွင်းကွင်းသွားတော့မှာဘဲ
ဟင်းးးးးးးးးးးး