Sunday, December 14, 2008

ကျနော်နဲ့ ညီမလေး

ညီမလေးကိုတွေ့ရတာ ကျနော့်အတွက်တော့ အိပ်မက်လိုပဲ။ တကယ်ကို တွေ့ရမယ်လို့မှ ထင်မထားတာလေ။ ကိုကို လာကြိုပါ လို့ ပြောတုန်းကတည်းက ဟုတ်မှ ဟုတ်ပါ့မလား လို့ စဉ်းစားခဲ့တာ။ ဖြစ်ချင်တော့ အဲဒီနေ့က ကျနော့် အလုပ်နားရက်။ ဖုန်းထဲမှာ ကသောကမျော .. လာကြိုမှာပေါ့ ညီမလေးရယ် လေယာဉ်ချိန်ကို သေချာပြောပါလို့သာ ပြောလိုက်ရတယ် ... ကျနော့်စိတ်က မယုံရဲ ယုံရဲပဲ။

ဒါပေမယ့် တကယ်ကို ရောက်လာခဲ့ပါတယ်။ ညီမလေးကို အပြင်မှာမြင်ရင် ကိုကို မှတ်မိပါ့မလားဟင် တဲ့။ ကျနော်လည်း အဲဒါပဲစဉ်းစားနေခဲ့တာ။ ညီမလေးကကော ကျနော့်ကိုမှတ်မိပါ့မလား။ တကယ်တော့ ကျနော်တို့ တယောက်ကိုတယောက် မှတ်မိကြတယ်။ အပြင်မှာ တခါမှ မမြင်ဖူးပေမယ့် ကျနော့်စိတ်ထဲမှာ ညီမလေးကို မြင်မြင်ချင်း ရင်းရင်းနှီးနှီးကို ခံစားလိုက်ရတယ်။ ညီမလေးလည်း အဲလိုပဲဖြစ်လိမ့်မယ် ထင်ပါတယ်။

ညီမလေးကို ခိုးကြည့်တော့ ညီမလေးကလည်း ကျနော့်ကို ခိုးကြည့်နေတယ်။ ဘေးချင်းယှဉ်ထိုင်နေ ရတဲ့ ရထားပေါ်က အချိန်တွေကို မကုန်စေချင်ဘူးဗျာ။ ရထားကြီးကို မဆုံးတမ်းမောင်းပါလို့သာ ပြောလိုက်ချင်တော့တယ်။ ရှက်သွေးဖြာနေတဲ့ ညီမလေးရဲ့ မျက်နှာလေးက ချွေးတွေစို့လို့။ ကျနော့် ကြောင့် အနေကြပ်နေတာလား .... ။ ကျနော်က သူအနေမကြပ်ရအောင် ရယ်စရာတွေ ရွေးပြော လိုက်တယ်။ ဒါပေမယ့် ကျနော်ကိုယ်တိုင်လည်း တမျိုးကြီးပဲ။ အိပ်မက်ထဲမှာ လျှောက်သွား နေရသလိုပဲလေ။

ဒီနေ့တော့ ကိုကိုနဲ့ အတူ အချိန်ကုန်မယ်နော်။ ကိုကို့နားရက်မဟုတ်လား လို့ ပြောတဲ့အချိန်က ညနေ ၄ နာရီကျော်နေပြီ။ သူက ရိုးရိုးလေးပြောပေမယ့် ကျနော်ကတော့ ရင်တွေခုန်လိုက်တာ တဒိတ်ဒိတ်။ ကိုယ့်ရင်ခုန်သံတောင်ကိုယ် ကြားနေရသလိုပဲ။ တကယ်လည်း ကျနော့်အားရက်က ဒီနေ့တရက်ထဲ လေ။ သူ့ကို မမြင်ဖူးခင်က ခပ်ပေါ့ပေါ့ တွေးခဲ့ပေမယ့် တကယ် မြင်လိုက်ရချိန်မှာ ကျနော့်ရင်တွေ တော်တော်ခုန်နေတာ ... တကယ်ဆို အဲလိုဘာလို့ဖြစ်ရမှာလဲနော်။ ကျနော့်အသက်ကဖြင့် ၃၅ နှစ် တောင် ကျော်နေပြီ။ ရင့်ကျက်တည်ငြိမ် သင့်နေပြီလေ။ ပြီးတော့ ကျနော်က တခါမှ ရည်းစား မထားဖူးတဲ့ တကယ့် အရိုးခံလေးမှ မဟုတ်တာဘဲ။

ကျနော်တို့ ၂ ယောက်က ချစ်သူတွေလား .. သူငယ်ချင်းတွေလား ... ဘာလည်း ဆိုတာတောင် မသိတော့ပါဘူး။ ကျနော်တို့ တယောက်ကိုတယောက် ချစ်တယ်လို့တော့ ပြောဖြစ်ခဲ့ကြတယ် ထင်ပါရဲ့။ ဒါပေမယ့် အဲဒါတွေက တယောက်ကိုတယောက် မမြင်ဖူးခင်ကပဲ။ ကျနော့်အတွက်ကော သူ့အတွက်ပါ အကျုံးမဝင်ဘူးလေ။ တကယ့် နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရချိန်မှာ ဘယ်လိုနေလဲ ဆိုတာပဲ အရေးကြီးမယ် ထင်ပါတယ်။ သူ့ကို နောက်ထပ် ခိုးကြည့်လိုက်တော့ သူကလည်း ကျနော့်ကို ခိုးကြည့် ပြန်တယ်။ ပြီးတော့ ကျနော်တို့ ၂ ယောက်လုံး ရီလိုက်ကြတယ်။ သူလည်း ရင်ခုန်နေတယ် ထင်တယ်။

ကျနော့်ထက် ၁၃ နှစ်တိတိ ငယ်တဲ့ ကောင်မလေးကို ကျနော် ဘယ်လို ဆက်ဆံရမလဲ။ ညီမလေးက ကျနော် မျှော်လင့်ထားသလောက် မလှပါဘူး။ ဒါပေမယ့် တော်တော်လေးကို ချစ်စရာကောင်းတယ်။ ကျနော် သူ့ကို ချစ်မိသွားပြီလား ... ။ ကျနော်တို့ ၂ ယောက်ရဲ့ ပထမဆုံးတွေ့ဆုံချင်းက တော်တော့ကို ကဗျာမဆန်တာပါ။ ကျနော်ဆိုတဲ့ကောင်ကလည်း ကောင်မလေးတယောက်နဲ့ ဘယ်လိုနေရာမျိုးမှာ ဘယ်လိုပုံစံနဲ့ တွေ့သင့်တယ်ဆိုတာကို မသိလောက်အောင် တုံးတယ်ပဲပြောရမလား။ ဒါပေမယ့် ညီမလေးကတော့ ပျော်နေပုံပဲ။ ကျနော်ဝယ်ပေးတဲ့ ဖျော်ရည်ဗူးကို အားပါးတရမော့ရင်း ကျနော့်ကို စကားတွေ ဖောင်လောက်အောင် ပြောနေလေရဲ့။ စဉ်းစားကြည့်လေ ... ခရီးဆောင်အိတ်တအိတ် ဘေးမှာချလို့ အုတ်ခုံတခုပေါ်မှာ ဘေးချင်းယှဉ်ထိုင်ရင်း စကားပြောနေရတာ။ ဘေးမှာ ရထားက ဆင်းလာတဲ့ လူတွေက ကျနော်တို့ကို အံ့သြသလိုကြည့်ရင်း ဖြတ်လျှောက်နေကြတယ်။ တော်သေးရဲ့ ဒီလို နိုင်ငံမျိုးမှာမို့ပေါ့။ လူတွေကလည်း များသောအားဖြင့် ကျနော်တို့နဲ့ မရင်းနှီးတဲ့ လူမျိုးတွေလေ။

ကောင်မလေးတယောက်နဲ့ စကားထိုင်ပြောရင်း တစိမ့်စိမ့် ရင်းနှီးသွားတာမျိုး ကြုံဖူးကြပါသလား။ ကျနော်ကတော့ ညီမလေးနဲ့စကားပြောရင်း အဲလိုပဲခံစားရပါတယ်။ ညီမလေးက မျက်လုံးလေး ထောင့်ကပ်ကြည့်လိုက်ချိန်မှာ ကျနော့်ရင်တွေ ဝရုန်းသုန်းကားပါပဲ။ ပြန်တော့မလား ညီမလေး လို့ မေးတော့ သူက ဟင့်အင်း အချိန်ရသေးတယ်လေတဲ့။ ဘာတခုမှမသိတဲ့ ညီမလေး။ ကျနော့်ရင်တွေ ထိန်းမရသိမ်းမရ ခုန်နေမှန်းသူတကယ် မသိတာလား ... ။ ဟုတ်လိမ့်မယ် သူ့ကိုကြည့်ရတာ အေးအေး ဆေးဆေး သက်တောင့်သက်သာပဲ။ ကျနော့်ကိုလည်း ယုံကြည်ထားလိုက်တာ ... အံ့သြစရာတောင် ကောင်းသေးရဲ့။ ညီမလေးရေ လူတွေကို အဲလောက်မယုံနဲ့လေ။

နောက်မှ ကျနော်ပြန်မေးကြည့်တော့ သူက လူတိုင်းကိုယုံမလား ကိုကို့မို့လို့ပေါ့တဲ့။ ပြောပုံကိုက ကျနော်က သူ့ကိုဘာမှ မလုပ်တော့မယ့်အတိုင်း။

ဘုမသိဘမသိ အူကြောင်ကြောင်ပုံစံနဲ့ အဲဒီကောင်မလေးကို ကျနော် တော်တော်ချစ်မိသွားပါတယ်။ သူ့ကိုတည်းတဲ့အိမ်ပို့ပြီး အခန်းပြန်ရောက်ချိန်မှာ ကျနော်ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ ဖုန်းခေါ်မိ တယ်။ ဘာပြောတယ်ထင်ပါသလဲ။ ညီမလေးကို ကိုကိုချစ်တယ် ... ။

ဟင် ခုနကတော့ မပြောဘူး။ ညီမလေးလည်း ကိုကို့ကိုချစ်တယ်လေ။ ညီမလေးတို့က ချစ်သူတွေ မဟုတ်ဘူးလားတဲ့။ ဟုတ်တယ်။ ဒါပေမယ့် ကျနော်တို့ တွေ့ရမယ့်ရက်က နောက်ထပ် ၄ ရက် .. ဟင့်အင်း အဲလောက်တောင်တွေ့ရပါ့မလား။ ကျနော်ကလည်း အလုပ်နဲ့ ညီမလေးကလည်း ကိစ္စတွေနဲ့။

ကံကြမ္မာက ကျနော့်ဘက်မှာရှိတယ် ထင်ပါရဲ့။ ညီမလေးရဲ့ လေယာဉ်က နည်းနည်းနောက်ဆုတ် သွားတော့ ကျနော့် အလုပ်ပိတ်ရက်နဲ့ ပြန်ကြုံခွင့်ရလိုက်တယ်။ အဲဒီနေ့မှာ ညီမလေး ကိုကိုနဲ့ တနေကုန်နေမယ် လို့ သူကပြောရှာတယ်။

ကျနော်တို့ ၂ ယောက်က ချစ်သူတွေပါ။ ခုမှ ဆုံတွေ့ရတဲ့ ချစ်သူတွေ။ ပြီးတော့ နက်ဖြန်မှာ ခွဲခွာရတော့မယ့် ချစ်သူတွေ။ ပြီးတော့ တသက်လုံး ဘယ်တော့ပြန်တွေ့မယ်ဆိုတာ မပြောနိုင်တဲ့ ချစ် သူတွေပေါ့။

မြန်မာပြည်ပြန်ရောက်ရင် ညီမလေး ရည်းစားထားနော် လို့ ကျနော်ကပြောတော့ သူ စိတ်ကောက် တယ်။ ကျနော်တကယ်ပြောတာပါ။ ကျနော့်ဘဝက ဘာမှန်းမသိဘူး။ ဘယ်လိုဖြစ်မယ်မသိဘူး ... စောင့်ပါလို့ ကျနော် မပြောရက်ဘူးလေ။

ဥပုသ်စောင့်တဲ့ကျားမရှိဘူးတဲ့။ လူရိုးဆိုတာ သင်္ချိုင်းကုန်းမှာပဲရှိတယ်တဲ့။ ကျနော်လူရိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်ကျားတကောင်လည်း မဟုတ်ဘူး။ ပေးလာတဲ့ အခွင့်အရေးကိုမယူတဲ့အတွက် ကျနော့်ကိုလူမိုက်လို့ပြောရင် ကျနော် လူမိုက်ပဲအဖြစ်ခံလိုက်ပါမယ်။ ညီမလေးရဲ့ နဖူးလေးကို ကျနော် ဖွဖွညင်သာ နမ်းလိုက်တယ်။ အဲဒီအတွက် ဘယ်လောက်မောပမ်းရလဲဆိုတာ ကျနော်ပဲသိပါတယ်။ ပြန်တော့နော် ညီမလေး လို့ဆိုလိုက်တော့ ညီမလေးက မသိနားမလည်တဲ့ မျက်လုံးလေးနဲ့ ကျနော့်ကို ကြည့်တယ်။ အဲဒီမျက်လုံးလေးက ရထားကြီးထွက်သွားတဲ့ထိ ကျနော့်ရင်ထဲမှာ ကျန်ရစ်ခဲ့တယ်။

ညီမလေးရဲ့ ခေါင်းက ဆံပင်လေးတွေကို ဖွဖွပွတ်သပ်ခွင့် ... ညီမလေးရဲ့ လက်သီးဆုပ် သေးသေး လေးကို ကျနော့်ရဲ့ လက်နှစ်ဘက်နဲ့ မြုပ်သွားအောင် ဆုပ်ကိုင်ခွင့် ... သူ့ ခန္တာကိုယ်သေးသေးလေးကို လွင့်သွားအောင်ထိ ကျနော့်ကိုယ်နဲ့ ဘေးတစောင်းတိုက်ပြီး စနောက်ခွင့် ... အဲဒါတွေအားလုံး ပြီးဆုံး သွားပါပြီ။

ဟင် လက်မှတ်ဖြတ်ဖို့ မေ့သွားပြီ ကိုကိုရေ ဒုက္ခပဲ လို့ အူကြောင်ကြောင် ပြောတဲ့ အသံလေးကို ဘတ်စ်ကားစီးတိုင်း ကျနော်ကြားနေတော့မှာ။ ရထားမရှိတော့ရင် တက္ကစီစီးပြန်ကွာ ညီမလေးပေးမယ် လို့ပြောတိုင်း ကျနော်ရင်မောခဲ့ရတာ။ တကယ်တော့ တက္ကစီဖိုးကုန်မှာကြောက်လို့ မဟုတ်ဘူးလေ .. ညီမလေးနားမှာ ကြာကြာမနေရဲလို့ ... ကြာကြာနေလေ ပိုတိုးပြီးတွယ်တာမိလေ ဖြစ်မှာစိုးလို့ပါ။ အဲဒါကို မသိဘဲ ကျနော့်လက်ကို မဖြုတ်တမ်းဆွဲထားတတ်တဲ့ ညီမလေး ... ။ မပြန်ဘူးကွာ ဆိုပြီး ဇွတ်ပေထိုင်နေတတ်တဲ့ ညီမလေး ... ။ ကိုကိုက ကျားမဟုတ်ပေမယ့် သူတော်စင်လည်း မဟုတ်ဘူး ညီမလေးရဲ့ ... ကြာရင်ခက်မယ် ... ။

ပုံမှန်အလုပ်ဆင်းနေရပေမယ့် ကျနော့်ခြေလှမ်းတွေ လေးကန်နေလိုက်တာ။ ထမင်းစားချိန်တွေမှာ ကျနော့်ဆိုင်ရှေ့ သူရောက်လာဦးမလား။ ဗိုက်ဆာပြီကိုကိုရဲ့ ပြီးသေးဘူးလား လို့ ချွဲချွဲနွဲ့နွဲ့ လာပြောဦးမလား ...။ ဆိုင်တံခါးကိုပိတ်ပြီး ဆင်းလာတဲ့အချိန် ဘူတာထဲက လက်မှတ်ဖြတ်တဲ့ နေရာမှာ ပြုံးပြုံးလေး စောင့်နေတဲ့ သူ့ကိုတွေ့ရမလား။ မသိမသာထွက်နေတဲ့ ကျနော့်ဗိုက်ကို သူ့လက်သီးလေးနဲ့ ဖွဖွထိုးရင်း အဲဒီဗိုက်ကြီးပြုတ်အောင်လုပ် ... အစားသိပ်မပုပ်နဲ့ လို့ မချိုမချဉ် မျက်နှာပေးနဲ့ လာပြောဦးမလား ...။ ချော့ကလက် ဝယ်ကျွေးပါ ကိုကိုရာ လို့ကော ပြောဦးမလား။ အမြဲတမ်း ချွေးတွေရွှဲနေတတ်တဲ့ ကျနော့်နဖူးကို သူ့လက်ကလေးနဲ့ ဖြတ်ကနဲသုတ်ပေးဦးမှာလား။

အဲဒီလောက် ချစ်သွားလိမ့်မယ်လို့ ထင်မထားမိလို့ ကျနော် တော်တော်လေး အငိုက်မိသွားခဲ့တယ်။ ကျနော်တို့စတွေ့တဲ့နေ့က ထိုင်ခဲ့တဲ့ ဘူတာကအုတ်ခုံလေးမှာ ကျနော်တယောက်ထဲ ချော့ကလက် တတောင့်နဲ့ အူကြောင်ကြောင် ထိုင်နေမိတဲ့အချိန်မှာ ... သူ ဘာများလုပ်နေမှာပါလိမ့်။ တကယ်တော့ ကျနော်တို့ ၂ ယောက်ရဲ့ ဇာတ်လမ်းက ဒီမှာပဲဆုံးလိုက်သင့်ပါပြီ။ ခက်တာက ဘယ်လိုမှ မေ့ပျောက်လို့ မရ၊ လွယ်လွယ် သဘောထားလို့ မရတာပဲ။ ပြင်းပြင်းထန်ထန်လွမ်းနေတဲ့ ဒီအချိန်မှာမှ ဖုန်းက ဝင်လာတယ်။ ပရိုက်ဗိတ်နံဘာ တဲ့ ... ။ နွေးကနဲဖြစ်သွားတဲ့ ရင်နဲ့ အတူ ဟဲလို လို့ ထူးလိုက်တဲ့ အချိန်မှာ ... တဖက်က ကိုကို နေကောင်းလားဟင် တဲ့။

ကျနော်တို့ ၂ ယောက် အငမ်းမရ စကားတွေ လုပြောကြတယ် ... ။ ပင်လယ်ကြီး ခြားနေပေမယ့် ကျနော်တို့ ၂ ယောက် နီးနီးလေးဖြစ်သွားတယ်။ ကျနော်တို့ ဇာတ်လမ်းက မပြီးသေးဘူးဘဲ။ မဟုတ်ဘူး .. ခုမှ စတာ ထင်ပါရဲ့။ အရင်ကလို မဟုတ်တဲ့ ကျနော့်ရင်ထဲကလာတဲ့အသံကို ညီမလေး ခံစားမိလားမ သိဘူး။ ကိုကို့ကို ချစ်တယ် လို့ ပြောနေတဲ့ ညီမလေးရဲ့ အသံကလည်း ဟိုးအရင်ကလို မဟုတ်ဘဲ တကယ့်ကို သူ့ရင်ထဲကလာတယ်ဆိုတာ ကျနော် ခံစားလို့ရနေတယ်။

တယောက်နဲ့ တယောက် အဝေးကြီးပေမယ့် ချစ်လို့ ရကြသားပဲနော်။ ဖုန်းချလိုက်တော့ ညီမလေး ကိုကိုပြန်ခေါ်မယ်။ တလှည့်စီခေါ်ကြမယ်နော် ... ။ ညီမလေးကို ကိုကိုချစ်တယ် ... ။ လွမ်းတယ်နော်။ စောစောအိပ်၊ မှန်မှန်စား ... ။ ဒါပဲနော် ညီမလေး။ မဟုတ်ဘူး ... ခနလေး ... ချစ်တယ် သိလား။ လိမ်လိမ်မာမာ နေနော်၊ ကိုကို့ကို သတိရ။ ဒါပဲနော် ...။ ခနလေးကိုကို ... ကိုကို့ကို ညီမလေး ချစ်တယ် .... ကျန်းမာရေး ဂရုစိုက်နော် .. ဘီယာတွေ အရမ်းသောက်မနေနဲ့ဦး ... လွမ်းတယ် သိလား ... ဖုန်းချလိုက်တော့မယ်နော် ...။ ဒါပဲနော် ... ဟင့်အင်း ... ခနလေး .....ဖုန်းမချနဲ့ဦး ... ။ ။

4 comments:

♥ Acacia ♥ said...

ရော်... အနော်လည်း အနော့်ချစ်သူကို လွမ်းသွားတယ်... မိုက်တယ် ညီမလေးနဲ့ ရာသက်ပန်တူတူ ပျော်ရွှင်နိုင်ပါစေရှင်

ဖိုးဂျယ် said...

ပြန်လည်ဆုံစည်းနိုင်ပါစေ။
ကျတော်ကို ညအိပ်မပျော်အောင်လုပ်သွားတာလားဗျာ
ကောင်းလိုက်တဲ့ အရေးသားလေး
ရင်ထဲက တိုက်ရိုက်လာလို.လား
အကိုရေ ပျော်ရွှင်ပါစေ
အိုအောင်မင်းအောင်ပေါင်းရပါစေဗျာ

Anonymous said...

ညီမလေးနဲ့ရာသက်ပန် တူတူ ပျော်ရွှင်နိုင်ပါစေ... ခညာ

yy said...

ဟဲလို .. . . . ကြားလား . . .ဟဲလို . . . ဟဲလို. .. . . .. . . ကြားလား . . . လိုဟဲ . . . ဟဲလို တွေ . . . . .အများကြီးပါသေးတယ်လေဗျာ ဟားဟား ဟား ဟားဟား