Monday, December 22, 2008

ဒလိလုပ်လိုက်ပါ

ဒလိလုပ်လိုက်ပါ ကောင်မလေးရေ .. မိုးတဖွဲဖွဲရွာတဲ့နေ့တွေက ခဏ ခဏ ကြုံနေရမှာ အဲဒီတော့ ဒလိလုပ်လိုက်တာ ပိုကောင်းပါတယ်။

ရထားတွေ ရထားတွေကလည်း တစင်းပြီးတစင်း လူတွေက အတက်အဆင်းတိုင်း ပုရွက်ဆိတ်တွေလို တိုးတိုးဝှေ့ဝှေ့ အဲဒါတွေကိုလည်း ကြုံရင်ကြုံသလို ဒလိလုပ်ပေါ့ ..။

ကောင်မလေးရယ် အချစ်ဆိုတာ ချစ်နေတာနဲ့တင် လုံလောက်ပါတယ် သင့်ချစ်ခြင်းကြောင့် ဘယ်အရာကိုမှ အနှောင့်အယှက် မဖြစ်ပါစေနဲ့ ကျွန်ုပ်ချစ်ခြင်းကြောင့်လည်း ဘယ်သူ့ကိုမှ အထိအခိုက် မဖြစ်စေပါနဲ့ ပြောပြောပြီးပြီး ဒလိသာလုပ်လိုက်။

လှေခါးထစ်တွေက အပေါ်ကကြည့်တော့အဆင်း အောက်ကကြည့်တော့အတက် အလယ်ကကြည့်တော့ အဆင်းကော အတက်ကော ဘယ်သူ့ကိုမှ ယုံကြည်လို့မရတော့မယ့်အတူတူ ဒလိသာလုပ်လိုက်ပါ။

မကောင်းဘူးလား ရွေးချယ်စရာမရှိတော့တဲ့ဘဝတွေထဲ အရင်းနှီးဆုံးဆိုတဲ့ စကားလုံးတွေ လိုမှ မလိုအပ်တော့တဲ့နောက် ဒလိလုပ်လိုက်ပါလေ။

ပြတ်သားတာလား ရဲရင့်တာလား သတ္တိကြောင်တာလား သရဲဘောနည်းတာလား ကောင်မလေးရေ ထိစပ်မှုမရှိတဲ့ချစ်ခြင်းကိုယုံတဲ့ငါက အရူးတကောင်ပါ အဲဒီဘက်က ဒလိသာလုပ်လိုက် ငါကတော့ အဲဒီအမှိုက်ပုံးလေးကို သေသည်ထိ သိမ်းဆည်းထားလိုက်ပါ့မယ်။

မင်းအနာဂတ် လှဖို့ ဘာမဆိုငါစတေးမှာပါ ခလေးတွေစီးတဲ့ စီးဆော ကိုမျက်လုံးထဲပြန်မြင်ကြည့်လိုက်ပါ မင်းလိုချင်တဲ့ အမြင့်ရောက် မယ်ဆို ငါဒီနေရာကတသက်လုံးမထပဲထိုင်နေမှာပါ ကောင်မလေးရေ

ဒလိလုပ်လိုက်ပြီးသားကိုလည်း ဒလိထပ်လုပ်လိုက်ပါဦး … သေချာအောင်ပေါ့။ ။


3 comments:

Anonymous said...

ဒလိလုပ်လို့ရမယ့် ယူနီဗာဆယိ ရမုတ် တခုလောက်ထွင်းစမ်းပါဂျာ.. ကောင်းကောင်းသုံးပစ်မယ်

Anonymous said...

မွှားလို့ထွင် ခိုင်းတာ ခည..ထွင်းမဟုတ်ပါဘူး

ဖိုးဂျယ် said...

အမ် ကိုဖြိုးကတော့ တားကိုလဲ
ဒလိ ရီမုတ် ထွင်ပေး ထွင်ပေး
သေချာချင်ရင် Shift + Deleteသာနှိပ်ခိုင်းလိုက်တော့
အကိုရေ တော်ကြာ Recycle Binrမှာ ကျန်နေဦးမယ်။